ပြည်သူအားလုံး ဘဏ္ဍာရေးတိုက်ပွဲ ဆင်နွှဲကြဖို့ တော်လှန်ရေးအင်အားစုတွေ တိုက်တွန်းတောင်းဆို
ပြည်သူအားလုံး ဘဏ္ဍာရေးတိုက်ပွဲ ဆင်နွှဲကြဖို့ တော်လှန်ရေးအင်အားစုတွေ တိုက်တွန်းတောင်းဆို
ဘဏ္ဍာရေးကဏ္ဍတော်လှန်ရေးမှာ ပြည်သူအားလုံး ပါဝင်ဆင်နွှဲကြဖို့ တော်လှန်ရေး အင်အားစုတွေက မနေ့က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
စစ်အုပ်စုရဲ့ ပြည်တွင်း ပြည်ပ ဝင်ငွေ ရပေါက်ရလမ်းအားလုံးကို ဖြတ်တောက်နိုင်ဖို့နဲ့ NUG အစိုးရနဲ့တကွ တော်လှန်ရေးအင်အားစုများအတွက် ဘဏ္ဍာရန်ပုံငွေစနစ်တွေကို ခိုင်မာအားကောင်းအောင် တည်ဆောက်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ တိုက်တွန်းတောင်းဆိုတာ ဖြစ်ပါတယ်။
လူထုတိုက်ပွဲလှုပ်ရှားမှုထဲက တခုဖြစ်တဲ့ ဘဏ္ဍာရေးနဲ့ စီးပွားရေးတိုက်ပွဲ ကဏ္ဍမှာ ပြည်သူတွေ သိရှိမှုနဲ့ ပူးပေါင်းပါဝင်မှု အားနည်းနေသေးတယ်လို့ ထုတ်ပြန်ချက်စာမှာ ရေးသားထားပါတယ်။
စစ်ကောင်စီဟာ မြန်မာ့စီးပွာရေးဦးပိုင်လိမိတက်နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းကနေ ဝင်ငွေတွေ ရရှိနေသလို တခြားသော စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ သယံဇာတလုပ်ငန်းတွေကနေ ဝင်ငွေရနေတာကြောင့် ပြည်သူတွေအနေနဲ့ တပ်ပိုင် ကုန်ပစ္စည်း အားလုံးကို သပိတ်မှောက် Boycott လုပ်ကြဖို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
“ ပြည်သူတွေက စစ်တပ်ပိုင် ကုန်စည်တွေ ဝန်ဆောင်မှုတွေကို အားမပေးကြဖို့၊ မဝယ်ယူကြဖို့၊ မသုံးစွဲကြဖို့၊ ဆန့်ကျင်ကြဖို့၊ သပိတ်မှောက်ကြဖို့ ဖြစ်ပါတယ်၊ အကြမ်းဖက်စစ်တပ်ဆီ အခွန်အခတွေ လုံးဝမပေးကြဖို့ အရေးကြီးပါတယ်၊ ပြည်သူ့ငွေတပြားတချပ်မှ စစ်တပ်ဆီမရောက်ဖို့ အင်မတန် လိုအပ်လှပါပြီ “လို့ သပိတ်ခေါင်းဆောင်တဦးဖြစ်သူ ဒေါက်တာ တေဇာဆန်းက ပြောပါတယ်။
စစ်တပ်က ပြည်ပဝင်ငွေ အများဆုံး ရရှိနေတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကိုလည်း နိုင်ငံတကာက အရေးယူပိတ်ဆို့မှု ပြုလုပ်နိုင်ရေး ပြည်သူတွေ တောင်းဆိုဖို့ အရေးတကြီး လိုအပ်နေတယ်လို့ အဆိုပါ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။
မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းဟာ အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၅ ဘီဘီယံအထိ စစ်ကောင်စီက ဝင်ငွေ ရရှိနေတဲ့ လုပ်ငန်းလည်း ဖြစ်ပါတယ်။
ပြည်တွင်းပုဂ္ဂလိကဘဏ်တွေ ဖြစ်တဲ့ ကမ္ဘောဇ၊ ရိုးမ၊ ဧရာဝတီ၊ CB ဘဏ်၊ A ဘဏ်၊ UAB ဘဏ် တို့ဟာ စစ်ကောင်စီက ထုတ်ရောင်းနေတဲ့ ငွေတိုက်စာချုပ်၊ ငွေချေးစာချုပ်တွေကို ပြည်သူတွေ အပ်နှံထားတဲ့ ငွေကြေးနဲ့ ဝယ်ယူနေပြီး အဲဒီလို နည်းလမ်းနဲ့ စစ်ကောင်စီဟာ ပြည်တွင်းဘဏ်တွေကနေ ဝင်ငွေတွေ ရရှိနေတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ငွေတိုက်စာချုပ် ထုတ်ရောင်းရငွေ ဘီလီယံပေါင်း နှစ်သောင်းကျော်အထိ ရရှိခဲ့ပြီလို့ အဆိုပါစာထဲမှာ ဖော်ပြထားပါတယ်။
တဖက်မှာ လိုအပ်နေတဲ့ တော်လှန်ရေးရန်ပုံငွေတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဆောင်ရွက်နေတဲ့ NUG Pay ကို သုံးစွဲကြဖို့နဲ့ မကြာမီကာလက ဖွင့်လှစ်လိုက်တဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ်မှာ ငွေစာရင်းတွေ ဖွင့်ကြဖို့ကိုလည်း တော်လှန်အင်အားစုတွေက တိုက်တွန်းထားပါတယ်။
“ပြည်သူလူထုဟာ ဘဏ္ဍာရေးစစ်မျက်နှာမှာ အန္တရာယ်ကင်းတဲ့နည်းနဲ့ ပါဝင်နိုင်ပါတယ်၊ အွန်လိုင်းကနေပြီးတော့ လှုပ်ရှားလို့ရတာတွေ ရှိတယ်၊ မိမိတို့ရဲ့တော်လှန်ရေးအကောင့်တွေနဲ့ လှုပ်ရှားပေးပါ“ လို့ ဦးမင်းကိုနိုင်က တောင်းဆိုထားပါတယ်။
လက်ရှိမှာတော့ နွေဦးတော်လှန်ရေး ရန်ပုံငွေအတွက် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ပိုင်ဆိုင်တဲ့ မြေကွက်နေရာ၊ အဆောက်အအုံ၊ စီးပွားရေးလုပ်ငန်းနေရာ စတာတွေကို အစုရှယ်ယာတွေနဲ့ ရောင်းချနေတာတွေ ရှိသလို လှုပ်ရှားမှု ကမ်ပိန်းတွေ ပြုလုပ်ပြီး တော်လှန်ရေး ဘဏ္ဍာငွေ ရှာဖွေနေကြတာတွေလည်း ရှိနေပါတယ်။
The Tanintharyi Times
