မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းတွေ မရောင်းချခဲ့ဘူးလို့ စင်ကာပူ တုံ့ပြန်

မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းတွေ မရောင်းချခဲ့ဘူးလို့ စင်ကာပူ တုံ့ပြန်

ပုံစာ - စစ်ကောင်စီ စစ်ရေးပြအခမ်းအနားမှာ တွေ့ရတဲ့ ဒုံးလက်နက်တင်ယာဉ်တစ်စီး ။ (ဓာတ်ပုံ - AP)

စင်ကာပူအစိုးရအနေနဲ့ မြန်မာစစ်တပ်ကို ပြီးခဲ့တဲ့ နှစ်ပိုင်းကတည်းက ဘယ်လိုစစ်လက်နက်ပစ္စည်းကိုမှ ရောင်းချခဲ့တာ မရှိဘူးလို့ စင်ကာပူနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစောင် ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် Mr Tom Andrews မှ အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့ပြီ အဲဒီ အစီရင်ခံစာမှာ စင်ကာပူက မြန်မာစစ်တပ်ဆီကို အမေရိကန်ဒေါ်လာ ၂၅၄ သန်းတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းတွေ ပေးပို့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Tom Anderw ရဲ့ အစီရင်ခံစာအပေါ် စင်ကာပူဘက်က ဆောင်ရွက်ထားတဲ့ အခြေအနေကို စင်ကာပူလွှတ်တော် အမတ်နှစ်ဦးက မေးမြန်းရာမှာ စင်ကာပူနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ချက်နဲ့ ပြန်လည်ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

ကုလလူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာထဲမှာ ရုရှား၊ တရုတ်၊ စင်ကာပူ၊ အိန္ဒိယ၊ ထိုင်း နိုင်ငံတို့က အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် စစ်လက်နက်ပစ္စည်းတွေကို ပေးပို့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၁ ဖေဖော်ဝါရီလကနေ ၂၀၂၂ ဒီဇင်ဘာလအထိ စင်ကာပူနိုင်ငံရဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်း ၁၃၈ ခုက မြန်မာစစ်တပ်ကို ဒေါ်လာ ၂၅၄ သန်း တန်ဖိုးရှိ တိုက်လေယာဥ်အစိတ်အပိုင်းတွေ၊ စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံး ကုန်ပစ္စည်းတွေ ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

စင်ကာပူရဲ့ စစ်လက်နက်ထောက်ပံရေးပစ္စည်းတွေက စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံတွေ၊ ညွှန်ကြားရေးမှူးရုံး (ကပစ) လက်နက်စက်ရုံတွေ ဆက်လက်လည်ပတ်နေစေတယ်လို့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။

အစီရင်ခံစာမှာ ပါရှိတဲ့ စစ်လက်နက်ရောင်းချရာမှာ စစ်လက်နက်ကုန်သွယ်မှုမှာပါဝင်ပတ်သက်တဲ့ ကုမ္ပဏီ၊အဖွဲ့အစည်း ၁၃၈ ခုထဲက ၄၇ ဖွဲ့ကို ဖော်ထုတ်နိုင်ခဲ့ပြီး ကျန် ၉၁ ဖွဲ့ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သလို အဆိုပါ လုပ်ငန်း ၄၇ ခုဟာ စင်ကာပူဘဏ်တွေနဲ့ စီးပွားရေးဆက်စပ်မှုမရှိဘူးလို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ပြန်လည်ငြင်းဆိုခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ စင်ကာပူနိုင်ငံဟာ စစ်ဘက်ဆိုင်ရာမှာ အသုံးပြုနိုင်တဲ့ စစ်လက်နက်နဲ့ စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံး ပစ္စည်းတွေကို မြန်မာဆီ လွှဲပြောင်းရေး တားမြစ်ထားတဲ့ မူဝါဒကို ကတိကဝတ်ပြုထားတယ်လို့ ဖော်ပြပါရှိပါတယ်။

မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်းနဲ့ စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံး ကုန်ပစ္စည်းတွေ လွှဲပြောင်းခြင်းကို တားမြစ်သည့် စင်ကာပူရဲ့ ကတိကဝတ်က အပြုသဘောဆောင်ပေမယ့် စင်ကာပူအနေနဲ့ ဒီထက်ပိုပြီး လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ Justice For Myanmar အဖွဲ့က ထုတ်ပြန်ချက်ထားပါတယ်။

မြန်မာနဲ့ စင်ကာပူ ကုမ္ပဏီလုပ်ငန်း ၁၁၆ ခုက လူပုဂ္ဂိုလ် ၂၆၂ ဦးတို့ဟာ မြန်မာစစ်တပ်အတွက် အမေရိကန်ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ စစ်လက်နက်တွေကို ဝယ်ယူပေးနေတယ်လို့ ပြီးခဲ့တဲ့ ၂၀၂၂ ဩဂုတ်လမှာ Justice For Myanmar က ထုတ်ပြန်ထားပါတယ်။

The Tanintharyi Times