၂၄နာရီအတွင်း မြေငလျင်နှစ်ကြိမ်လှုပ်ခတ်

၂၄နာရီအတွင်း မြေငလျင်နှစ်ကြိမ်လှုပ်ခတ်

မနေ့က တစ်ရက်တည်းမှာပဲ နေပြည်တော်နဲ့ ရန်ကုန်မှာ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင် နှစ်ကြိမ် လှုပ်သွားပါတယ်။

မနက် ၇နာရီ ၃၉မိနစ်မှာ တစ်ကြိမ်နဲ့ ည ၁၀ နာရီ ၅၉မိနစ်မှာတစ်ကြိမ် လှုပ်သွားတာလို့ စစ်ကောင်စီရဲ့ မိုးဇလကထုတ်ပြန်ပါတယ်။

ပထမအကြိမ်ငလျင်ကတော့ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ရဲ့ အရှေ့မြောက်ဘက် တစ်မိုင် ခန့်အကွာမှာ အင်အားရစ်(ခ်)တာစကေး ၃.၀ အဆင့်ရှိမြေငလျင်လှုပ်ရှားခဲ့ပါတယ်။

ရန်ကုန်တိုက်ခန်းအမြင့်မှာ နေထိုင်သူတွေက လှုပ်ယမ်းမှုကို သိသိသာသာခံစားခဲ့ရတဲ့အကြောင်း ဖေ့ဘုတ်မှာ ရေးသားဖော်ပြခဲ့ကြပါတယ်။

ဒုတိယအကြိမ်ငလျင်ကတော့ နေပြည်တော်မြေငလျင်စခန်းမှ အနောက်တောင်ဘက် ၇၂ မိုင်ခန့်အကွာ၊ သရက်မြို့ရဲ့ တောင်-အရှေ့တောင်ဘက် ၁၁မိုင်ခန့်အကွာမှာ အင်အားရစ်(ခ်)တာစကေး ၃.၅ အဆင့်ရှိ မြေငလျင်လှုပ်ရှားခဲ့တယ်လို့ မိုးဇလက ဖော်ပြပါတယ်။

ဇူလိုင်လ ၁ရက်နေ့၊ ညနေ ၅နာရီ ၄၃မိနစ်အချိန်က ကျိုင်းတုံမြို့ရဲ့ အရှေ့-အရှေ့တောင်ဘက် ၉မိုင်ခန့်အကွာကိုဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၃.၈ အဆင့်ရှိ မြေငလျင် တစ်ခု လှုပ်ရှားသွားခဲ့ပါသေးတယ်။

ယခုလက်ရှိမှာ စစ်ကိုင်းပြတ်ရွေ့တလျှောက်တည်ရှိတဲ့​ဒေသတွေနဲ့ မြန်မာနိုင်ငံအနောက်ဘက်ခြမ်းမှာ မြေထုချပ်တိုးဝင်မှုရှိတဲ့အတွက် မြေငလျင်အန္တရာယ်ကို အထူးသတိပြုနေထိုင်ကြဖို့ မိုးဇလဘက်ကပြောဆိုထားပါတယ်။

The Tanintharyi Times