ကရင်ကြီးရွာနဲ့ သဘော့ဆိပ်ရွာကို စစ်ကောင်စီဘက်က ကုန်းနဲ့ရေ နှစ်ဖက်ညှပ်ပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်နေ
ကရင်ကြီးရွာနဲ့ သဘော့ဆိပ်ရွာကို စစ်ကောင်စီဘက်က ကုန်းနဲ့ရေ နှစ်ဖက်ညှပ်ပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်နေ
လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်ရွာနဲ့ ကရင်ကြီးရွာကို ပင်လယ်နဲ့ တောင်ကုန်းပေါ်ကနေ နှစ်ဖက်ညှပ်ပြီးလက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီတပ်သား၊ပျူစောထီးအဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ဒီနေ့မနက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။
ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေဝင်ရောက်တိုက်ခိုက်တယ်လို့သတင်းတွေထွက်ပေါ်နေပေမယ့် အသေးစိတ်ကိုတော့အတည်မပြုနိုင်သေးပါဘူး။
အဲဒီနောက်မှာ စစ်ကောင်စီရေတပ်က သဘော့ဆိပ်နဲ့ကရင်ကြီးကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့သလို လောင်းလုံးမြို့နယ် သဲပုံကျေးရွာဘက်ကနေလည်း လက်နက်ကြီးတွေပစ်ခတ်နေတယ်လို့သိရပါတယ်။
” သဲပုံဘက်က ၁၂ နာရီကျော်ကျော်လောက်ကစပြီး လက်နက်ကြီးနဲ့ပစ်နေတာ။ ထားဝယ်ဘက်ကစစ်သားတွေ ဒိုင်နာကားနဲ့ သဲပုံရွာကိုဆင်းလာပြီး လက်နက်ကြီးအထိုင်ချပစ်တာ” လို့ လောင်းလုံး ဒေသခံတစ်ဦးကပြောပါတယ်။
သဲပုံတောင်ကိုဝင်တဲ့လမ်းဖြစ်တဲ့ သာယာကုန်းရွာအနီးမှာလည်း စစ်ကောင်စီတပ်တွေ ကင်းချထားတယ်လို့သိရပါတယ်။
လက်ရှိအချိန်အထိ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေသေးတဲ့အပြင် မောင်းမကန်နယ်မြေရဲစခန်းကလည်း သေနတ် ရမ်းသမ်းပစ်ခတ်တာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
စစ်ကောင်စီပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည်တွေဟာ သဘော့ဆိပ်၊ ကရင်ကြီးကျေးရွာအတွင်းနဲ့ အနီးအနားပတ်ဝန်းကျင်ကိုကျရောက်နေလို့ ဒေသခံတွေလည်းထွက်ပြေးတိမ်းရှောင်နေရပါတယ်။
နှစ်ဖက်တိုက်ပွဲအခြေအနေအသေးစိတ်နဲ့ လက်နက်ကြီးကြောင့်ထိခိုက်မှုအသေးစိတ်ကိုတော့ မသိရသေးပါဘူး။
The Tanintharyi Times
