ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၀ နီးပါးရှိပြီ

ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၀ နီးပါးရှိပြီ

ဓာတ်ပုံ - Dahka Tribune

ရခိုင်ပြည် တောင်ပြိုလက်ဝဲမြို့မှာ ရက္ခိုင့် တပ်တော် AA ရဲ့ စခန်းသိမ်းတိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁၃ ဦး ရှိနေပြီလို့ Dahka Tribune က ဒီကနေ့မှာ သတင်းဖော်ပြပါတယ်။

နယ်ခြားစောင့်ရဲတွေ ပါဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁၃ ဦးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်က ဘန်ဒါဘန်ခရိုင်ရှိ တန်ဘရူနယ်က တစ်ဆင့် လက်နက်တွေ ကိုင်ဆောင်ပြီး ရောက်ရှိလာတာလို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်(BGB) က ပြည်သူ့ဆက်ဆံရေးအရာရှိ Shariful Islam က ပြောပါတယ်။

ဒါကြောင့် လက်နက်ဖြုတ်သိမ်းပြီး ဘေးကင်းလုံခြုံတဲ့ နေရာတစ်ခုဆီ ခေါ်သွားခဲ့တယ်လို့လည်း သူကဆိုပါတယ်။

မြန်မာဘက်က နယ်ခြားစောင့်ရဲနဲ့ စစ်တပ်က အဖွဲ့ဝင်တွေဟာ ရခိုင်ပြည်က AA နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေကြောင့်ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေးခိုလှုံနေတာ ပြီးခဲ့တဲ့အပတ်ကတည်းက ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့၊ အခုလ ၄ ရက်နေ့ကပဲ ရောက်ရှိလာသူက စုစုပေါင်း ၉၅ ဦးရှိတယ်လို့ Dahka Tribune က ဖော်ပြပါတယ်။

ဒါ့အပြင် ရခိုင်က တိုက်ပွဲတွေကြောင့် မြန်မာ – ဘင်္ဂလားဒေ့ရှ်နယ်စပ်က တန်ဘရူနယ်ထဲကို မော်တာကျည်ကျတာတွေရှိလို့ အရပ်သား နှစ်ဦး မနေ့က သေဆုံးခဲ့ပါတယ်။ AA ကတော့

ဒီသေဆုံးမှုဟာ စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့်လို့ မနေ့ညက ထုတ်ပြန်ထားပါတယ်။

လက်နက်ကြီးကျည်တွေနဲ့ ပစ်ခတ်မှုတွေကြောင့် နယ်စပ်က ကျောင်းတချို့ကိုလည်း ဘင်္ဂလားဒေ့ရှ်ဘက်က ပိတ်ထားပါတယ်။

ရက္ခိုင်တပ်တော် AA ကတော့ စစ်ကောင်စီရဲ့နယ်ခြားစောင့်တပ်စခန်းတစ်ခုဖြစ်တဲ့ တောင်ပြို (လက်ဝဲ) စခန်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ မနေ့ညက ထုတ်ပြောထားပါတယ်။

ကျောက်တော် အခြေစိုက် စစ်ကောင်စီတပ် ခမရ (၃၇၆) တပ်ရင်းကိုလည်း အခုလ ၂ ရက်နေ့က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး မင်းပြား၊ ကျောက်တော်နဲ့ မြောက်ဦးမြို့က စစ်ကောင်စီလက်ကျန်တပ်စခန်းအချို့ကို ဆက်လက်ချေမှုန်းထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ဘင်္ဂလားဒေရှ်နိုင်ငံသာမက တရုတ်နဲ့ အိန္ဒိယ နိုင်ငံဘက်ကိုလည်း ထွက်ပြေးနေကြတာပါ။ ရခိုင်နဲ့ ချင်းပြည်ဘက်က တိုက်ပွဲတွေကနေ အိန္ဒိယဘက် ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အရေအတွက်ဟာ ၆၀၀ မက ရှိနေပါပြီ။

The Tanintharyi Times