သကျက္ကမ်းရွာက ပျူစောထီးအဖွဲ့ဝင်လို့ နာမည်ထွက်နေတဲ့သူတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ

သကျက္ကမ်းရွာက ပျူစောထီးအဖွဲ့ဝင်လို့ နာမည်ထွက်နေတဲ့သူတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ

ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာအုပ်စုထဲက သကျက္ကမ်းကျေးရွာမှာ ပျူစောထီးလို့နာမည်ထွက်နေတဲ့ ရွာသားတစ်ဦး သူ့ရဲ့နေအိမ်မှာပဲ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ‌ ဒေသခံတွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။

အခုလ ၄ ရက်နေ့ ညနေ ၆ နာရီခန့်က ပစ်ခတ်ခံရတာဖြစ်ပြီး သေဆုံးသူဟာ အသက် ၄၉ နှစ်အရွယ် ဦးဝင်းနိုင်ဆိုသူဖြစ်ပါတယ်။ ၎င်းကငှက်သိုက်လုပ်ငန်းတွေ ရေလုပ်ငန်းတွေ လုပ်ကိုင်သူလို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ ပူးတွဲသွားလာနေသူဖြစ်ကာ စစ်တပ်က တပ်ဆင်ပေးထားတဲ့ လက်နက်တွေလည်းရှိတယ်လို့ ဒေသခံတချို့က မှန်းဆကြပါတယ်။

ပစ်သတ်ခံရတဲ့ ဦးဝင်းနိုင် ဆိုသူကို ဒေသခံတွေက လက်နက်မကိုင်ဖို့ စစ်ကောင်စီထောက်တိုင်မလုပ်ဖို့ကို အကြိမ်ကြိမ်မေတ္တာရပ်ခံခဲ့ဖူးတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါပစ်ခတ်မှုကို မြိတ်ခရိုင်တပ်ရင်း(၁) အဖွဲ့က ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ အဖွဲ့ရဲ့တာဝန်ရှိသူက တနင်္သာရီတိုင်းမ်ကို‌ ပြောပါတယ်။

“လက်နက်အားကိုးနဲ့ပြည်သူ့ဆန္ဒကိုမျက်ကွယ်ပြုသူမှန်သမျှ စစ်ကောင်စီထောက်တိုင်မှန်သမျှကို ရှင်းလင်းသွားမှာ။ သူလည်း အဲအမျိုးစားထဲကမို့ ရှင်းလိုက်တာ” လို့ အဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။

ကျောက္ကားကျေးရွာကဒေသခံတွေဟာ ရေလုပ်ငန်းနဲ့ အဓိက သက်မွေးဝမ်းကြောင်းပြုကြပြီး အိမ်ခြေတစ်ထောင်ကျော်ရှိတဲ့ ရွာတစ်ရွာဖြစ်ပါတယ်။

The Tanintharyi Times