စစ်တပ်ပိုင် ဆန်အိတ် သုံးထောင်နီးပါးတင်လာတဲ့ စက်လှေတစ်စီးကို KNU သိမ်းဆည်း
စစ်တပ်ပိုင် ဆန်အိတ် သုံးထောင်နီးပါးတင်လာတဲ့ စက်လှေတစ်စီးကို KNU သိမ်းဆည်း
တနင်္သာရီမြို့နယ်ထဲက ပင်လယ်ကမ်းစပ်တစ်နေရာမှာ စစ်ကောင်စီတပ်ရဲ့ ဆန်အိတ်တွေတင်ဆောင်လာတဲ့ စက်လှေတစ်စီး သိမ်းဆည်းရမိခဲ့တယ်လို့ KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်ရဲ့ အတွင်းရေးမှူး ပဒိုအယ်နားက ပြောပါတယ်။
ဆန်အိတ်ပေါင်း ၂၈၅၀ အိတ်နဲ့ တခြားရိက္ခာပစ္စည်းတွေသယ်လာတဲ့ မြတ်သီရိအောင် အမည်ရှိ စက်လှေတစ်စီးကို KNU တပ်မဟာ(၄)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း (၁၁)က အခုလ ၂ ရက်နေ့မှာ သိမ်းဆည်းလိုက်တာပါ။
“အဲဒီလှေက ပစ္စည်းပို့ဖို့သွားတဲ့အချိန် တားဆီးပြီး ဖမ်းမိတာပါ။ တပ်ရင်း ၁၁ ကဖမ်းတာပါ” လို့ KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်ရဲ့ အတွင်းရေးမှူး ပဒိုအယ်နားက ပြောပါတယ်။
သိမ်းမိတဲ့ ပစ္စည်းတွေကို လိုအပ်သလို အသုံးပြုသွားမှာဖြစ်ပြီး မလိုအပ်တွေကိုတော့ ဖျက်ဆီးသွားမယ်လို့ ပဒိုအယ်နားက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ရိက္ခာတွေကိုသယ်လာတဲ့ အဲဒီစက်လှေဟာ ဘုတ်ပြင်းမြို့နယ်၊ ရွှေဂဲညိုရွာက ပျူစောထီးခေါင်းဆောင် ဦးရှိန်ညွန့်နဲ့ အဆက်အသွယ်ရှိနေတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေပိုင်းကလည်း ဆန် ၆၈ အိတ်၊ ဆီနဲ့ စားသောက်ကုန်တွေ တင်ဆောင်လာတဲ့ စစ်တပ်ရဲ့ ရိက္ခာကားတစ်စီးကို ထားဝယ်မြို့နယ်၊ ဟိန္ဒူးချောင်းရွာအနီးမှာ KNU တပ်မဟာ (၄)၊ KNLA တပ်ရင်း ၁၂ ကဖမ်းဆီးခဲ့ပါတယ်။

The Tanintharyi Times
