တရုတ် ဒုနိုင်ငံခြားရေးဝန်ကြီးဦးဆောင်တဲ့ သံအဖွဲ့ နေပြည်တော်မှာ စစ်ခေါင်းဆောင်နဲ့တွေ့ဆုံ

တရုတ် ဒုနိုင်ငံခြားရေးဝန်ကြီးဦးဆောင်တဲ့ သံအဖွဲ့ နေပြည်တော်မှာ စစ်ခေါင်းဆောင်နဲ့တွေ့ဆုံ

ဓါတ်ပုံ - MOI

တရုတ်နိုင်ငံ ဒုနိုင်ငံခြားရေးဝန်ကြီး Sun Weidong ဦးဆောင်တဲ့ သံအဖွဲ့က မြန်မာနိုင်ငံကို ရောက်ရှိနေပြီး မနေ့က (ဇန်နဝါရီလ ၅ရက်) နေပြည်တော် တပ်မတော်ဧည့်ရိပ်သာမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

နှစ်ဖက်တွေ့ဆုံမှုမှာ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေးအတွက် ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပေမယ့် ဘယ်အကြောင်းအရာကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြသလဲဆိုတာကိုတော့ အသေးစိတ်မသိရှိရသေးပါဘူး။

အခုလို တရုတ်ဒုနိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့ မြန်မာနိုင်ငံရောက်ရှိလာတဲ့အချိန်ဟာ ညီနောင်မဟာမိတ်အဖွဲ့တွေရဲ့ ၁၀၂၇စစ်ဆင်ရေးအတွင်း စစ်ကောင်စီ လောက်ကိုင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် လက်နက်ချအညံ့ခံခဲ့တဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

ဒီမတိုင်ခင် ဇန်နဝါရီလ ၃ရက်နေ့က ကိုးကန့် လောက်ကိုင်မြို့ နန်ထျင်မင် တောင်ပေါ် စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်လို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကြိမ်းခမ်း ခရိုင် နန်စန်မြို့ Nan San 南伞 မြို့တွင်း ကားလမ်းဘေး ဆိုင်တစ်ဆိုင်ပေါ် ကျရောက် ပေါက်ကွဲလို့ တရုတ်နိုင်ငံသား ၅ဦး ဒဏ်ရာရတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသေးတယ်။

တရုတ်နိုင်ငံဘက်ခြမ်းကို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာနဲ့ ပက်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ပြင်းပြင်းထန်ထန် ရှုတ်ချ ကန့်ကွက်ကြောင်း ထုတ်ပြောထားပါတယ်။

ဒီလိုဖြစ်စဉ်တွေဖြစ်ပြီနောက်မှာတော့ အခုလို တ၇ုတ်သံအဖွဲ့ က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ လာရောက်တွေ့ဆုံနေတာ တွေ့ရပါတယ်။

Connect Burma

The Tanintharyi Times