ထိုင်းကို လာသူအားလုံး ကိုဗစ်ကာကွယ်ဆေးလက်မှတ် ပြန်ပြရမယ်

ထိုင်းကို လာသူအားလုံး ကိုဗစ်ကာကွယ်ဆေးလက်မှတ် ပြန်ပြရမယ်

ဓာတ်ပုံ - ဒီဇင်ဘာ ၂၈ ရက်က သုဝဏ္ဏဘူမိ လေဆိပ်မှာ တွေ့ရတဲ့ ခရီးသွား ဧည့်သည်တွေ။

ထိုင်းနိုင်ငံကို ဝင်လာမယ့် ဘယ်နိုင်ငံက ခရီးသွားဧည့်သည်မဆို ကိုဗစ်-၁၉ ကာကွယ်ဆေး အနည်းဆုံး နှစ်ကြိမ် ထိုးထားတဲ့ လက်မှတ် ပြန်ပြရမယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီး အနုတင်က ပြောလိုက်ပါတယ်။

ကိုဗစ်ရောဂါပိုးတွေ ကူးစက်ပျံ့နှံ့မှု မြင့်မားနေတဲ့ တရုတ်နိုင်ငံက ခရီးသွားတွေ ထိုင်းအပါအဝင် ကမ္ဘာတစ်ဝန်းကို အလုံးအရင်းနဲ့ ပြန်လည် သွားရောက်ဖို့ ရှိနေချိန်မှာ ထိုင်းဘက်က ကိုဗစ်နဲ့ ပတ်သက်တဲ့ ကန့်သတ်ချက်တွေ ပြန်ပြီး ချမှတ်လိုက်တာပါ။

တရုတ်နိုင်ငံ အပါအဝင် နိုင်ငံအများအပြားက ခရီးသည်တွေအတွက် ထိုင်းနိုင်ငံဟာ အဓိက ဦးတည်ရာဖြစ်လို့ စည်းမျဉ်းသစ်တွေ ချမှတ်ရတာဖြစ်ကြောင်း၊ ဒီလိုချမှတ်တဲ့နေရာမှာ နိုင်ငံတစ်နိုင်ငံထဲကို ခွဲခြား ကန့်သတ်လို့ မရကြောင်း ကျန်းမာရေးဝန်ကြီး မစ္စတာ အနုတင်က ပြောပါတယ်။

“အခြေခံမူကတော့ နိုင်ငံတိုင်းမှာ ကိုဗစ်-၁၉ ပျံ့နှံ့နေပြီး မျိုးကွဲတွေလည်း တူညီတာကြောင့် ဘယ်နိုင်ငံကိုမှ ခွဲခြားဆက်ဆံခြင်း မရှိစေရပါဘူး။ ဒါကြောင့် ကိုဗစ်-၁၉ ဟာ ဘယ်နိုင်ငံကိုမှ ခွဲခြားဆက်ဆံတဲ့ ပြဿနာ မဖြစ်သင့်ပါဘူး” လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ထိုင်းကနေတစ်ဆင့် အခြားတစ်နိုင်ငံဆီ ခရီးဆက်မယ့်သူတွေအတွက် အဲဒီနိုင်ငံက ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းကြောင်း ဓာတ်ခွဲခန်း အထောက်အထား လိုအပ်မယ်ဆိုရင် အဲဒီခရီးသည်တွေဟာ ကျန်းမာရေး အာမခံပါ မဖြစ်မနေ ပြသရဦးမှာပါ။

အကြောင်းကတော့ အဲဒီတစ်နိုင်ငံဆီ ခရီးမဆက်မီ ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကင်းရှင်းကြောင်း ဓာတ်ခွဲခန်း အထောက်အထား လုပ်တဲ့အခါ ရောဂါကူးစက်ခံရကြောင်း တွေ့ရှိခဲ့ရင် ကုန်ကျမယ့် ကျန်းမာရေး စရိတ်အတွက် အဲဒီလို အာမခံ တောင်းတာလို့ သိရပါတယ်။

တရုတ်နိုင်ငံဟာ သူ့နိုင်ငံထဲ ဝင်လာသူတွေအတွက် အသွားအလာကန့်သတ်တဲ့ ကွာရန်တင်း စည်းမျဉ်းကို လာမယ့် တနင်္ဂနွေကစလို့ ပယ်ဖျက်မှာဖြစ်တာကြောင့် တရုတ်ခရီးသွားတွေလည်း ထိုင်းအပါအဝင် နိုင်ငံတကာကို အလုံးအရင်းနဲ့ သွားရောက် လည်ပတ်ကြဖို့ ခန့်မှန်းထားကြပါတယ်။

ဒါပေမယ့် တရုတ်ကို ဝင်လာမယ့်သူတွေအနေနဲ့ ကိုဗစ်-၁၉ ကင်းရှင်းကြောင်း ဓာတ်ခွဲခန်း လက်မှတ်ကို နိုင်ငံတွင်း မဝင်မီ ၄၈ နာရီထက် မပိုဘဲ ဓာတ်ခွဲစမ်းသပ်ထားတဲ့ အဖြေကို ပြသဖို့ လိုအပ်နေသေးတာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာလကစလို့ ထိုင်းကို ဝင်လာတဲ့ ဘယ်သူမဆို ကိုဗစ်-၁၉ ကာကွယ်ဆေးလက်မှတ်၊ ရောဂါပိုး ရှိ-မရှိ စမ်းသပ်စစ်ဆေးထားတဲ့ အဖြေနဲ့ ကျန်းမာရေး အာမခံ စတာတွေ ဘာတစ်ခုမှ မလိုအပ်ဘဲ ဝင်ခွင့်ပြုခဲ့ရာကနေ ခုတော့ ဆေးလက်မှတ်နဲ့ အခြေအနေပေါ် မူတည်လို့ ကျန်းမာရေး အာမခံတွေ ပြန်ပြီး တောင်းခံလာတာပါ။

အခု ကန့်သတ်ချက်အသစ်ကို ဘယ်နေ့ကစပြီး ကျင့်သုံးမယ်လို့ မပြောသေးပေမယ့် တရုတ်ခရီးသွားတွေ ဝင်မလာမီ စတင် အသက်ဝင်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

ထိုင်းလေကြောင်း အာဏာပိုင်တွေရဲ့ အဆိုအရ ဇန်နဝါရီ ၁၂ ရက်ကစလို့ တရုတ်လေယာဉ်တွေ စဝင်လာမှာ ဖြစ်ပြီး ၂၀၂၃ ခုနှစ်ရဲ့ ပထမသုံးလပတ်မှာ တရုတ်လေကြောင်းလိုင်း ၁၅ လိုင်းက ထိုင်းနိုင်ငံကို တစ်ရက် လေယာဉ် ၁၅ စီး ပြေးဆွဲမယ်လို့ သိရပါတယ်။

တရုတ်ဟာ ကပ်ရောဂါမဖြစ်ပွားမီက ထိုင်းနိုင်ငံရဲ့ အကြီးဆုံး ခရီးသွားရင်းမြစ်ဖြစ်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ နိုင်ငံတကာ ခရီးသွား သန်း ၄၀ ထိုင်းကို လာရောက်တဲ့အထဲ တရုတ်က ၁၁ သန်းကျော် ရှိခဲ့ပါတယ်။

ကိုးကား – ဘန်ကောက်ပို့စ်

The Tanintharyi Times