မြိတ်ထောင်ကလွတ်မြောက်လာသူတွေထဲက ဆရာဝန်တစ်ဦး ထောင်ဘူးဝမှာ ပြန်လည်ဖမ်းဆီးခံရ
မြိတ်ထောင်ကလွတ်မြောက်လာသူတွေထဲက ဆရာဝန်တစ်ဦး ထောင်ဘူးဝမှာ ပြန်လည်ဖမ်းဆီးခံရ
မြိတ်အကျဥ်းထောင်က လွတ်မြောက်လာသူတွေထဲမှာ ဆရာဝန်တစ်ဦးကို စစ်ကောင်စီက ထောင်ဘူးဝမှာပဲ ပြန်လည်ဖမ်းဆီးခဲ့တယ်လို့ နီးစပ်သူတွေထံကသိရပါတယ်။
အခုလ ၄ ရက်နေ့က မြိတ်အကျဥ်းထောင်ကနေ နိုင်ငံရေးအကျဥ်းသားအပါအဝင် ၈၂ ဦး ပြန်လွှတ်ပေးချိန်မှာ အခုလိုပြန်လည်ဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးခံရသူဟာ ပုဒ်မ ၅၀၅-ကနဲ့ထောင်ဒဏ် ၃ နှစ်ချခံထားရတဲ့ ဒေါက်တာ မင်းထက်ပိုင်ဖြစ်တယ်လို့သိရပါတယ်။
“အဝတ်အစားလဲပြီးစောင့်နေချိန် ဘူးထဲပြန်ခေါ်သွားတာပါ။ ပြီးတော့ နောက်မှုထပ်စွဲထားတယ်လို့သိရတယ်” လို့မြိတ်အကျဥ်းထောင်နဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
ဒေါက်တာမင်းထက်ပိုင်ဟာ မြိတ်ပြည်သူ့ဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး လူမှုကွန်ရက်မှာ အကြမ်းဖက်မှုဖြစ်ပေါ်အောင်စည်းရုံးရေးသားတယ်ဆိုပြီး စွပ်စွဲကာ မြိတ်မြို့၊ ပသောင်းကျေးရွာက ကြေးနန်းတိုင်တံတားမှာ ၂၀၂၁ ခုနစ်က ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
မြိတ်ထောင်ကလွှတ်ပေးချိန်မှာ ဒေါက်တာမင်းထက်ပိုင်အပြင် လွှတ်ခါနီးမှပြန်ဖမ်းခံရသူတချို့လည်းရှိတယ်လို့သိရပါတယ်။
စစ်ကောင်စီတပ်ဟာ လွှတ်ပေးပြီးမှ ပြန်လည်ဖမ်းဆီးတာမျိုးကို တနိုင်ငံလုံးမှာ မကြာခဏလုပ်ဆောင်ခဲ့ဖူးပြီး တချို့နိုင်ငံရေးအကျဥ်းသားတွေဟာ ပြန်လည်ဖမ်းဆီးခံရချိန် ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရမယ့် ပုဒ်မတွေနဲ့ ပြန်လည်တရားစွဲဆိုခံခဲ့ရပါတယ်။
The Tanintharyi Times
