တောင်ကိုရီးယား နိုင်ငံရေးအကြပ်အတည်းနဲ့ မအောင်မြင်တဲ့ စစ်အုပ်ချုပ်ရေးကြေညာမှု
တောင်ကိုရီးယား နိုင်ငံရေးအကြပ်အတည်းနဲ့ မအောင်မြင်တဲ့ စစ်အုပ်ချုပ်ရေးကြေညာမှု

တောင်ကိုရီးယား သမ္မတယွန်းဆော့ယောဟာ တစ်နိုင်ငံလုံးအရေးပေါ် စစ်အုပ်ချုပ်ရေးစနစ် စတင်ကြောင်း အင်္ဂါနေ့ညနက်ချိန်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီအမိန့်ဟာ မထင်မှတ်စရာ ကြေညာချက်တစ်ခုဖြစ်ပြီး ဒါဟာ ဆယ်စုနှစ် ၄ ခုကျော်အတွင်း ပထမဆုံး အကြိမ်ဖြစ်ပါတယ်။
ဒီကြေညာချက်ကြောင့် အမေရိကန်နဲ့ တခြားမိတ်ဖက်နိုင်ငံအကြား အထိတ်တလန့် ဖြစ်သွားခဲ့ရပါတယ်။ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ ၆ နာရီကျော်မှာတော့ အတိုက်အခံ ပါတီဖက်ကနေ အရေးပေါ် လွှတ်တော်အစည်းအဝေးခေါ်ယူပြီး သမ္မတရဲ့ စစ်အုပ်ချုပ်ရေးအမိန့်ဟာ တရားမဝင်ကြောင်း ကြေညာခဲ့ပါတယ်။
■ တောင်ကိုရီးယား သမ္မတရဲ့ စစ်အုပ်ချုပ်ရေးအမိန့် မာရှယ်လောက ဘာလဲ
တောင်ကိုရီးယား သမ္မတယွန်းဆော့ယောရဲ့ ညနက်ပိုင်းမှာ နိုင်ငံတော်အဆင့် အရေးပေါ်ကြေညာချက်အဖြစ် တောင်ကိုရီးယားတစ်နိုင်ငံလုံးကို စစ်အုပ်ချုပ်ရေးစနစ် အသက်သွင်းဖို့ အမိန့်ထုတ်ပြန်ခဲ့တာပါ။
“နိုင်ငံတော်ကို ဆန့်ကျင်ပုန်ကန်တဲ့ အင်အားစုတွေနဲ့ မြောက်ကိုရီးယား ကွန်မြူနစ်အင်အားစုရဲ့လုပ်ရှားမှုတွေကို” တားဆီးဖို့အတွက်ဆိုပြီး မရေရာတဲ့ အကြောင်းပြချက်နဲ့ စစ်အုပ်ချုပ်ရေးကိုအသက်သွင်းဖို့ အားထုတ်ခဲ့တာပါ။
စစ်အုပ်ချုပ်ရေးအရာရှိအသစ်ဖြစ်တဲ့ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ပက်အင်စုဟာ အချက် ၆ ချက်ပါ အမိန့်ကို ချက်ချင်းလိုက်နာ ဆောင်ရွက်ခဲ့ပြီး အဲဒီအမိန့်ထဲမှာတော့ “ နိုင်ငံရေးပါတီနဲ့ အင်အားစုတွေရဲ့ လှုပ်ရှားမှုတွေ”၊ “သပိတ်မှောက် ဆန္ဒပြမှုတွေ”၊ “လူထုကို မငြိမ်မသက်အောင် စည်းရုံးလှုံ့ဆော်မှုတွေ”နဲ့ “မှားယွင်းတဲ့ ဝါဒဖြန့်မှုတွေ”ကို တားဆီးပိတ်ပင်ဖို့ ဆိုပြီး ပါဝင်ပါတယ်။
အမိန့်စာထဲမှာတော့ သတင်းမီဒီယာအားလုံးဟာ စစ်အုပ်ချုပ်ရေးစနစ်ကို လိုက်နာစေဖို့နဲ့ သပိတ်မှောက် ဆရာဝန်တွေ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းအားလုံး ၄၈ နာရီအတွင်း လုပ်ငန်းခွင် ပြန်ဖို့ ညွှန်ကြားချက်မျိုးလည်း ပါဝင်ခဲ့ပါတယ်။
၁၉၈၀ ပြည့်လွန်နှစ်ကစလို့ တောင်ကိုရီးယားနိုင်ငံမှာ အာဏာရှင်ခေါင်းဆောင်တွေရဲ့ ခေတ်ဟာ ကုန်ဆုံးသွားတာကြာခဲ့ပေမယ့် အခုသမ္မတယွန်းရဲ့ ကြေညာချက်ဟာ အာဏာရှင်ဆန်တဲ့ လုပ်ရပ်ဖြစ်တာကြောင့် အတိုက်အခံပါတီတွေနဲ့ သမ္မတယွန်းရဲ့မိခင်ပါတီကပါ ချက်ချင်း ရှုတ်ချခဲ့ကြပါတယ်။
သမ္မတယွန်းကတော့ သူ့ရဲ့လုပ်ဆောင်ချက်ဟာ တောင်ကိုရီးယားနိုင်ငံရဲ့လစ်ဘရယ် ဒီမိုကရေစီကို“နိုင်ငံတော် ဆန့်ကျင်ပုန်ကန်မှုတွေနဲ့ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုရန်”ကနေ ကာကွယ်ဖို့ဆိုတာမျိုးကို ပါရုံလေး ပြောခဲ့တာပါ။
အခုကြေညာချက်ဟာ အတိုက်အခံ ဒီမိုကရက်တစ်ပါတီနဲ့ သမ္မတယွန်းကြားမှာ နိုင်ငံတော်အသုံးစရိတ်ဆိုင်ရာ အငြင်းပွားမှု အရှိန်ပြင်းထန်နေချိန်မှာ ရုတ်တရက် ထွက််လာတာမျိုးပါ။ အတိုက်အခံပါတီက နှစ်သစ်အတွက် သမ္မတယွန်း အဆိုပြုထားတဲ့ ဝမ် ၆၇၇ ထရီလီယံကနေ ဝမ် ၄ ဒသမ ၁ ထရိလီယံ (ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံ) ဝန်းကျင်ကို “နိုင်ငံတော်ရဲ့အရေးပါတဲ့ အခြေခံလုပ်ငန်းဆိုင်ရာအတွက် အရေးကြီးတဲ့ ဘတ်ဂျက်အားလုံးကို လျော့ချကြောင်း” လျှောက်ထားခဲ့ပါတယ်။
■ လွှတ်တော်အတွင်း ဘာတွေဖြစ်ခဲ့လဲ
လုံခြုံရေးတပ်ဖွဲ့တွေဟာ လွှတ်တော်အမတ်တွေ လွှတ်တော်ဝန်းအတွင်း မဝင်နိုင်အောင် တားဆီးဖိုနဲ့ လွှတ်တော်အဆောက်အအုံကို ချိတ်ပိတ်ဖို့အတွက် ရဟက်ယာဥ်တွေသုံးပြီး ခေါင်မိုးပေါ်ကနေ ဆင်းသက်ခဲ့ကြပါတယ်။
ယွန်းရဲ့ ကြေညာချက်ကို ပယ်ချဖို့နဲ့ စစ်အုပ်ချုပ်ရေး ရုတ်သိမ်းပေးဖို့အတွက် လွှတ်တော်အမတ် ၁၉၀ ဟာ လုံခြုံရေးတပ်ဖွဲ့တွေကြားကနေ လွှတ်တော်ဝန်းထဲ ဝင်ရောက်ခဲ့ပြီး တညီတညွတ်တည်း လျှို့ဝှက်မဲပေးခဲ့ကြပါတယ်။
လွှတ်တော်ဝန်းအပြင်ဘက်မှာတော့ ရာချီတဲ့ ဆန္ဒပြသူတွေ စုဝေးခဲ့ကြပြီး သမ္မတယွန်းကို ဖမ်းဆီးဖို့ တောင်းဆိုတဲ့ ကြွေးကြော်သံကို ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပါတယ်။ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကြား ထိပ်တိုက်ပွတ်တိုက်မှုတချို့ရှိခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရသူတွေနဲ့ ပျက်စီးဆုံးရှုံးမှု သတင်းတွေကိုတော့ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လွှတ်တော်ဝန်း ထိန်းချုပ်ဖို့ ကြိုးစားမှုကြောင့် ပြတင်းပေါက်တစ်ခုတော့ ကျိုးသွားခဲ့ပါတယ်။ အမျိုးသမီးတစ်ဦးက လုံခြုံရေးစစ်သားတစ်ဦးရဲ့ ရိုင်ဖယ်သေနတ်ကို ဆွဲလုဖို့ ကြိုးစားတာ မအောင်မြင်ခဲ့ပေမယ့် လုံခြုံရေးတပ်ဖွဲ့တွေကို “မရှက်ကြဘူးလား”ဆိုပြီး ပြောဆိုခဲ့ပါတယ်။
■ သမ္မတယွန်း ရှေ့ဆက်မတိုးတာဘာကြောင့်လဲ
တောင်ကိုရီးယားနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်အုပ်ချုပ်ရေးကို ရုတ်သိမ်းဖို့ လွှတ်တော်က မဲခွဲဆုံးဖြတ်ရင် လေးစားလိုက်နာရပါတယ်။ မဲခွဲဆုံးဖြတ်ချက်ထွက်လာပေမယ့် ယွန်းကိုယ်တိုင် မရုတ်သိမ်းမချင်း စစ်အုပ်ချုပ်ရေး အသက်ဝင်တယ်လို့ စစ်အရာရှိတွေက အစောပိုင်းအချိန်မှာ ပြောခဲ့ကြပါတယ်။
နိုင်ငံရေးလမ်းကြောင်းပေါ်မှာ အတိုက်အခံပါတီတွေအားလုံး ညီညွတ်ခဲ့ကြသလို သမ္မတယွန်းရဲ့ ပြည်သူ့အာဏာပါတီခေါင်းဆောင်ကလည်း စစ်အုပ်ချုပ်ရေးကို အတင်းအကြပ် အသက်သွင်းတာဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
၂၀၂၂ ခုနှစ် ရွေးကောက်ပွဲမှာ မဲအနည်းငယ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ အတိုက်အခံ ခေါင်းဆောင် လီဂျယ်မွန်း ကတော့ ဒီကြေညာချက်ဟာ တရားမဝင်သလို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လည်း မညီဘူးလို့ ပြောကြားခဲ့ပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာပြီး ခြောက်နာရီအကြာမှာတော့ သမ္မတယွန်းက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို စစ်တန်းလျားပြန်ဖို့ အမိန့်ပေးခဲ့ပါတယ်။ အစိုးရအဖွဲ့အစည်းအဝေးအပြီးမှာ စစ်အုပ်ချုပ်ရေးအမိန့်ကို ပြန်ရုတ်သိမ်းမယ်လို့ ယွန်းက ပြောခဲ့ပါတယ်။
■ နိုင်ငံတကာရဲ့ တုန့်ပြန်မှု
အိမ်ဖြူတော်ကတော့ စစ်အုပ်ချုပ်ရေးကြေညာချက်ကို ရုတ်သိမ်းပြီး နောက်ကြောင်းပြန်လှည့်ခဲ့တဲ့အတွက် အမေရိကန်အနေနဲ့ စိတ်သက်သာရာရကြောင်း ပြောကြားခဲ့ပါတယ်။ “ ဒီမိုကရေစီဟာ အမေရိကန်-တောင်ကိုးရီးယား မဟာမိတ်နိုင်ငံတွေရဲ့ အခြေခံအုတ်မြစ်ဖြစ်ပြီး လက်ရှိအခြေအနေကို ဆက်လက် စောင့်ကြည့်သွားမယ်” လို့ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။
အမေရိကန်အနေနဲ့ အာရှမိတ်ဖက်တောင်ကိုရီးယားနိုင်ငံအတွင်းက ဖြစ်စဥ်တွေကို အထူးဂရုစိုက် စောင့်ကြည့်ရင်း “အလွန် စိုးရိမ်မိကြောင်း” ထုတ်ပြန်ခဲ့သလို မြောက်ကိုရီးယားရန်ကနေ ကာကွယ်ဖို့အတွက် အမေရိကန် စစ်သည် ၂၈,၅၀၀ ကို စေလွှတ်ထားပါတယ်။
■ တောင်ကိုရီးယား လမ်းမပေါ်က ခံစားချက်တွေ ဘယ်ခရီးကို ဦးတည်းသွားနိုင်မလဲ
တောင်ကိုရီးယားနိုင်ငံရဲ့ အာဏာသိမ်းပြီးတဲ့ မနက်ခင်းဟာ ကြွေကွဲစရာ၊ တုန်လှုပ်ခြောက်ခြားစရာကောင်းတဲ့ ခံစားချက်နဲ့ နိုးထခဲ့ရတာပါ။
လမ်းမထက်မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ခိုက်ခဲ့တဲ့ မျိုးဆက်ဟောင်းတွေအတွက်ကတော့ စစ်အုပ်ချုပ်ရေးဟာ အာဏာရှင်စနစ်ကို ပြန်လည်အသက်သွင်းတာလို့ပြောဆိုကြပါတယ်။
လူငယ်မျိုးဆက်သစ်တွေကလည်း သမ္မတယွန်းရဲ့ လုပ်ဆောင်ချက်ဟာ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကို ညှိးနွမ်းစေတယ်သလို ရှက်ရွံ့စရာလို့လည်း ပြောဆိုကြပါတယ်။ တစ်ချိန်တည်းမှာ ပြည်သူတွေရဲ့ စိတ်ရှုပ်ထွေးနေတဲ့ ခံစားချက်မျိုးလည်း မြင်ခဲ့ရပါတယ်။
“သူ လုပ်ဆောင်ခဲ့တဲ့ နောက်ဆုံးပန်းတိုင်က ဘာလဲဆိုတာကို လူတိုင်း အံ့သြနေကြပါတယ်။ လူတိုင်းရဲ့ပါးစပ်ဖျားမှာတော့ အပြစ်တင်သံတွေက နေရာယူခဲ့ပါတယ်။ နိုင်ငံရေးအသိုင်းအဝန်းမှာတော့ ယွန်းဟာ ရာထူးက ဆင်းပေးဖို့ မဟုတ်ရင် စွပ်စွဲချက်တွေကို ရင်ဆိုင်ဖို့ ရှိနေနိုင်ပါတယ်။”
နိုင်ငံရေးအရ အချိန်မတော် သန်းခေါင်ယံအချိန်က သူ့ရဲ့တုန်လှုပ်စေတဲ့ လုပ်ရပ်ကလည်း ဖိအားတွေကို ပိုမိုကြီးထွားစေခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ အဓိက အတိုက်အခံပါတီကတော့ ယွန်းကို “နိုင်ငံတော် ဥပဒေ ချိုးဖောက်မှု၊ ပုန်ကုန်မှု”အရ ရာထူးကနေ ဆင်းပေးဖို့ တောင်းဆိုထားပါတယ်။
အလုပ်သမား သမဂ္ဂအဖွဲ့ကလည်း “ မတရားတဲ့ နည်းလမ်းသုံးပြီး ဒီမိုကရေစီဆန့်ကျင်တဲ့ အစီအစဥ်”လို့ စွပ်စွဲထားပြီး တာဝန်ကမနားမချင်း “အထွေထွေသပိတ်ကို ဆက်လက်လုပ်ဆောင်သွားမယ်”လို့ ကြေညာထားပါတယ်။
သမ္မတယွန်းရဲ့ ပြည်သူ့အာဏာပါတီကတော့ စစ်အုပ်ချုပ်ရေးအမိန့်ဟာ “စိတ်မကောင်းစရာ ကြေကွဲဖွယ်”အဖြစ် ပြောဆိုခဲ့ပြီး ဒီကြိုးပမ်းမှုကို လိုက်ပါဆောင်ရွက်သူတွေအနေနဲ့ တာဝန်ယူရမယ်လို့ တောင်းဆိုခဲ့ပါတယ်။
(ဗြိတိန် အခြေစိုက်သတင်းစာ ဂါးဒီယန်းမှာ ဖော်ပြထားတဲ့ Political chaos in South Korea: what is martial law and what comes next after Yoon Suk Yeol’s U-turn? ဆောင်းပါးကို ဆီလျှော်အောင်ဘာသာပြန်ထားပါတယ်။)
The Tanintharyi Times