တနင်္သာရီတိုင်းမှာ လာမယ့်အပတ်အတွင်း နေရာကွက်ကျား မိုးရွာမယ်

တနင်္သာရီတိုင်းမှာ လာမယ့်အပတ်အတွင်း နေရာကွက်ကျား မိုးရွာမယ်

လာမယ့်အပတ်ထဲမှာ တနင်္သာရီတိုင်းအတွင်း နေရာကွက်ကျားမိုးရွာသွန်းနိုင်တယ်လို့ NUG ရဲ့မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။

ထိုင်းပင်လယ်ကွေ့မှာ အစပျိုးတဲ့လေပွေလှိုင်း တစ်ခုဟာ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ မုန်တိုင်းငယ်အဆင့် ရောက်ရှိလာနိုင်ပြီး သီရိလင်္ကာဘက်သို့ ရွေ့လျားနိုင်တာမို့ မြန်မာနိုင်ငံအောက်ပိုင်းနဲ့ တောင်ပိုင်းဒေသအချို့မှာ မိုးအနည်းငယ်ကနေ အသင့်အတင့် ရွာနိုင်တယ်လို့ ဆိုပါတယ်။

ဒါအပြင် လေပွေလှိုင်းမိုးရွာသွန်းတာမျိုးလည်း အခုလမှာ ကြုံတွေ့နိုင်တာမို့ စပါးရိတ်သိမ်းနေသူတွေ အထူးအလေးထားဖို့ သတိပေးထားပါတယ်။

လေပွေလှိုင်းမိုးရွာသွန်းတာကို ပြီးခဲ့တဲ့နိုဝင်ဘာလမှာ တိုင်းအတွင်းက ပြည်သူတွေ ကြုံတွေ့ခဲ့ရဖူးပြီး ထားဝယ်မြို့မှာ ဆိုရင် လေပြင်းတိုက်ခတ်လို့ သစ်ပင်ကျိုးကျတာမျိုးတွေလည်း ရှိခဲ့ပါတယ်။

အချိန်အခါမဟုတ် လေပွေလှိုင်းမိုးရွာသွန်းတာက ဘင်္ဂလားပင်လယ်အော်အပါအဝင် ထိုင်းပင်လယ်ကွေ့၊ တောင်တရုတ်ပင်လယ် တို့မှာ လာနီညာ သက်ရောက်မှု ရှိနေဆဲဖြစ်ပြီး ပင်လယ်ရေအပူချိန်ဟာ ပုံမှန်ဆောင်းကာလထက် ပိုနွေးနေလို့ လေပွေလှိုင်းနဲ့ မုန်တိုင်းငယ်တွေ မကြာခဏဖြစ်ပေါ်နေရတာလို့ ဆိုပါတယ်။

ပင်လယ်ပြင်မှာတော့ အရှေ့အရှေ့တောင်လေဟာ တစ်နာရီ ၁၀ မိုင်ကနေ ၁၅ မိုင်အထိတိုက်ခတ်နိုင်ပြီး လှိုင်းအသင့်အတင့်ရှိနိုင်တယ်လို့ ဆိုပါတယ်။

လာမယ့်တစ်ပတ်အတွင်း မြန်မာနိုင်ငံ မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ ညအပူအချိန်ပြန်မြင့်တက်လာပြီး အအေးပြန်ပေါ့နိုင်တယ်လို့လည်း သိရပါတယ်။

The Tanintharyi Times