ပုလော၊ ကျောက္ကာရွာက ငါးဖမ်းလှေတွေ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ထောက်ခံစာ ငွေပေးဝယ်နေရ

ပုလော၊ ကျောက္ကာရွာက ငါးဖမ်းလှေတွေ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ထောက်ခံစာ ငွေပေးဝယ်နေရ

ဓာတ်ပုံ - ကျောက္ကာကျေးရွာအုပ်စု(Super Photography Facebook မှ)

ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာအုပ်စုက ငါးဖမ်းလှေတွေကို စစ်ကောင်စီနဲ့နီးစပ်သူတွေက အကြောင်းပြချက်အမျိုးမျိုးပေးပြီး ငွေတောင်းနေတာတွေ ရှိနေတယ်လို့ ဒေသခံတွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။

လွန်ခဲ့တဲ့ သုံးလလောက်ကစတောင်းနေတာဖြစ်ပြီး စာရွက်စာတမ်းအပြည့်အစုံရှိတဲ့ လှေငယ်တစ်စီးကို ကျပ် ၁၉,၀၀၀၊ လှေကြီးတစ်စီးကို ကျပ် ၁၅,၀၀၀ နှုန်းနဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၊ ပျူစောထီးအဖွဲ့ဝင်ဆိုသူတွေဆီမှာ ပင်လယ်ပြင်ထွက်ခွင့် ထောက်ခံစာအတွက်ဆိုပြီး ပေးနေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေတဲ့ လုံခြုံရေးကြောင့် အမည်မဖော်လိုသူတစ်ဦးက “ရွာလူကြီးထောက်ခံစာမပါရင် ပင်လယ်ရောက်ရင်အဖမ်းပဲခံရမယ်လိုလို ဘာလိုလိုနဲ့၊ မထွက်ရဘူးပြောထားတယ်။ မလုပ်လို့မရဘူး။လှေဆိပ်မှာ ပျူတွေအဖွဲ့လိုက် စောင့်နေတာ။” လို့ ပြောပါတယ်။

ထောက်ခံစာတစ်ရွက်ကို တစ်လသက်တမ်းရှိပြီး တစ်လမပြည့်ခင်မှာလည်း ငွေကျပ်သောင်းချီပြီး မကြာခဏ တောင်းရမ်းတာတွေလည်း ရှိတယ်လို့ ငါးဖမ်းလှေလုပ်ငန်းလုပ်ကိုင်သူတွေဆီက သိရပါတယ်။

အခုလိုလုပ်တာဟာ မလိုအပ်ဘဲ အပိုအလုပ်တွေသာဖြစ်ပြီး အကြမ်းဖက်ငွေညှစ်နေတာပဲလို့ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူက ပြောပါတယ်။

အခုလအတွင်းမှာလည်း ကျောက္ကာကျေးရွာအုပ်စုနဲ့ တိုကျေးရွာအုပ်စုကြားမှာရှိတဲ့ လုံးဇယာကျွန်းတဝိုက်က ပင်လယ်ပြင်ဧရိယာအနီးမှာ ငါးသွားဖမ်းတဲ့ လှေငယ်လေးတွေကို စစ်ကောင်စီသင်္ဘောတွေက ခေါ်စစ်တာတွေ ရှိခဲ့ပါတယ်။

“လှေတွေကိုမြင်လို့ သေနတ်ပစ်ပြီးလှမ်းခေါ်တာ။ စာရွက်စာတမ်းတွေထုတ်ပြတော့ ရွာလူကြီးဆီကယူလာတဲ့စာရွက်ကို တရားမဝင်ဘူးဆိုပြီး ပြန်ပေးတယ်။ လှေဂရန်တွေကိုပဲစစ်တာ။” လို့ တိုကျေးရွာအုပ်စုက ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

လုံဇယာကျွန်းအနီးတဝိုက်မှာ စစ်သင်္ဘာနှစ်စီး ပုံမှန်ရှိနေတတ်ပေမယ့် ပုဇွန်နဲ့ ငါးအရများတာကြောင့် အရဲစွန့်ပြီး အဲ့ဒီကျွန်းနားသွားနေကြတာလို့ ငါးဖမ်းလှေလုပ်ကိုင်သူတွေဆီက သိရပါတယ်။

ငါးဖမ်းလှေကြီးတွေဟာ ပင်လယ်ပြင်မှာ ရက်ရှည်နေကြပြီး ငါးဖမ်းလှေငယ်တွေကတော့ ပင်လယ်ပြင်ကို နေ့တိုင်းအဝင်အထွက်လုပ်ကြရတဲ့အတွက် လှေဆိပ်မှာ စောင့်ကြည့်​နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သူ့တို့ရဲ့လက်ဝေခံတွေရဲ့ ငွေကြေး မကြာခဏတောင်းခံတာမျိုးကြုံနေရတယ်လို့ဆိုပါတယ်။

ငါးဖမ်းလှေငယ်တစ်စီးဟာ တစ်နေ့ကို ကျပ် ၂၀,၀၀၀ ဝန်းကျင်တန်ဖိုးရှိတဲ့ ဒီဇယ်တစ်ဂါလံနဲ့ ဂါလံဝက်အများဆုံးကုန်ပြီး ငါးမရတဲ့နေ့ဆိုရင် စစ်ကောင်စီနဲ့နီးစပ်သူတွေကိုငွေပေးရတာကြောင့် အလုပ်သမားလခမပေးနိုင်တာ၊ ငါးဖမ်းပိုက်မပြင်နိုင်တဲ့နေ့တွေနဲ့လည်း ကြုံတွေ့နေရတယ်လို့ ရေလုပ်ငန်းလုပ်ကိုင်သူအဝန်းအဝိုင်းကနေ သိရပါတယ်။

ပုလောမြို့နယ်ဟာ ပင်လယ်ကမ်းရိုးတန်းဒေသတစ်ခုဖြစ်ပြီး ရေလုပ်ငန်းအဓိကလုပ်ကိုင်ကြတာကြောင့် လှေဆိပ်ရှိတဲ့နေရာတွေ များပေမယ့် တခြားလှေဆိပ်တွေမှာ အခုလိုတောင်းရမ်းတာမျိုးမရှိဘဲ ပင်လယ်ထဲရှိကျွန်းပေါ်က ကျေးရွာတွေဖြစ်တဲ့ ကျောက္ကာကျေးရွာအုပ်စုမှာသာ အခုလိုတောင်းရမ်းတာတွေရှိနေတာလို့ ဆိုပါတယ်။

ဒေသခံအမျိုးသားတစ်ဦးကတော့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ လက်လှမ်းမမှီတဲ့ဒေသဖြစ်တာကြောင့် အခုလို တောင်ရမ်းတာတွေရှိနေတာလို့ ပြောပါတယ်။

“စစ်သင်္ဘောတွေလည်းရှိနေတော့ အထဲကအဖွဲ့တွေလာဖို့ မလွယ်ဘူးလေ။ တခြားနေရာတွေမှာဆို ပြည်သူတွေကတိုင်လို့ ဖမ်းရင်ဖမ်း၊ သတ်ရင်သတ်ဆိုတာမျိုးတွေရှိသေးတယ်။” လို့ သူ့ရဲ့အမြင်ကို ပြောပါတယ်။

စစ်ကောင်စီဟာ ပုလောမြို့နယ်အတွင်း ပြီးခဲ့တဲ့ စက်တင်ဘာလကစလို့ ကုန်းကြောင်းရော ရေကြောင်းနဲ့ပါ စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်လုပ်ဆောင်လာပြီး ငါးဖမ်းလှေတွေကိုလည်း ပင်လယ်ထွက်ခွင့်ပိတ်ပင်တာမျိုးတွေ လုပ်ဆောင်လာပါတယ်။

The Tanintharyi Times