ထိုင်း-မြန်မာနယ်စပ်က ကော်သူးလေတပ်မတော် ယာယီစခန်းကို KNLA တပ်မဟာ ၄ စီးနင်းသိမ်းပိုက်ခဲ့တယ်လို့ ဆို
ထိုင်း-မြန်မာနယ်စပ်က ကော်သူးလေတပ်မတော် ယာယီစခန်းကို KNLA တပ်မဟာ ၄ စီးနင်းသိမ်းပိုက်ခဲ့တယ်လို့ ဆို

ထိုင်း-မြန်မာနယ်စပ် ထီးခီးဒေသတဝိုက်က ကော်သူးလေတပ်မတော်-KTLA ရဲ့ယာယီစခန်းတခုကို KNLA တပ်မဟာ ၄ က မနေ့က ဝင်ရောက် စီးနင်းသိမ်းပိုက်ခဲ့တယ်လို့ KTLA ဘက်ကပြောပါတယ်။
အဲဒီစခန်းဟာ PDF ရဲဘော်တွေလာတဲ့အချိန် နေတဲ့နေရာဖြစ်တာကြောင့် ကော်သူးလေရဲဘော်တချို့သာရှိတဲ့ယာယီစခန်းနေရာဖြစ်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)တပ်မဟာ ၄ က သေနတ်တွေပစ်ခတ်ကာ ဝင်ရောက်သိမ်းပိုက်ခဲ့တာလို့ KTLA ဆာကဆောတပ်မရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုချမ်းကပြောပါတယ်။
“သူတို့ဝင်လာတဲ့အချိန် ပြန်ခုခံစရာပစ္စည်းကလည်း များများစားစားမရှိဘူးဗျ။ ဒါကြောင့် ကျနော်တို့ဘက်က ရှောင်ပေးလိုက်တယ်” လို့ KTLA ဆာကဆောတပ်မရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုချမ်းကပြောပါတယ်။
ကော်သူးလေတပ်မတော် ဗဟိုစစ်ဌာနချုပ်ရုံးနဲ့ထုတ်ပြန်ချက်မှာလည်း ဗိုလ်အယ်ခွီးရဲ့စခန်းတခုကို KNLA တပ်မဟာ ၄ ကဝင်ရောက်တိုက်ခိုက်မှုအပေါ် ကော်သူးလေတယ်မတော်ဘက်က လက်နက်ကိုင်အချင်းချင်းပစ်ခတ်မှုမရှိစေဖို့ ရှောင်ရှားခဲ့တယ်လို့ ရေးသားထားပါတယ်။
လူမှုကွန်ရက်မှာပျံ့နှံ့နေတဲ့ ရုပ်သံတွေမှာတော့တပ်မဟာ ၄ ရဲဘော်လို့ယူဆရသူတချို့က စခန်းကို ဝင်ရောက်သိမ်းပိုက်ပြီး ပစ္စည်းတွေသိမ်းဆည်းထားတာကို တွေ့ရပါတယ်။ KNLA တပ်မဟာ ၄ ရဲ့ ဘယ်တပ်ရင်း၊ တပ်စိပ်ကဖြစ်တယ် ဆိုတာကိုတော့ မသိရသေးပါဘူး။
စခန်းသိမ်းခံရတာကြောင့် ကော်သူးလေတပ်မတော်ရဲ့ယာယီစခန်းကနေ လက်လုပ်သေနတ်တချို့နဲ့ စစ်သုံးပစ္စည်းတချို့သိမ်းခံလိုက်ရတယ်လို့ ရဲဘော်ကိုချမ်းကဆိုပါတယ်။
အဲဒီဖြစ်စဥ်ကို မေးမြန်းဖို့အတွက် KNLA တပ်မဟာ ၄ ရဲ့စစ်ရုံးကို တနင်္သာရီတိုင်းမ်က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့ကတော့ ပျဥ်းသားတောရွာက KNLA တပ်မဟာ ၄ ရဲ့ဂိတ်စခန်းကို KTLAရဲဘော်တွေက ဝင်ရောက်ပစ်ခတ်လို့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါသေးတယ်။ ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး KTLA ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုချမ်းကို မေးမြန်းချိန်မှာ အဲဒီကိစ္စနဲ့ပတ်သက်ပြီး မထုတ်ပြန်သေးဘူးလို့ပဲ ပြန်ဖြေခဲ့ပါတယ်။
ပျဥ်းသားတော ဂိတ်စခန်း တိုက်ပွဲကြောင့် အနီးအနားမှာရှိနေတဲ့ ဒေသခံ ကရင်တိုင်းရင်းသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
KNLA တပ်မဟာ ၄ နဲ့ ကော်သူးလေတပ်မတော်တို့ကြားမှာ စစ်ရေးအရသဘောထားတင်းမာမှုတွေဟာ မနှစ်ကစလို့ လက်ရှိအချိန်ထိဆက်တိုက်ဆိုသလို ရှိနေတာပါ။
အခုနှစ် နှစ်ဆန်းပိုင်းနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လတွေမှာလည်း နှစ်ဖက်တိုက်ပွဲနဲ့ ကြားဖြတ်ပစ်ခတ်မှုတချို့ရှိခဲ့ပြီး ပစ်ခတ်မှုတွေမှာ နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။
ကရင်အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ကရင်တိုင်းရင်းသားတွေကတော့ နှစ်ဖက်ပဋိပက္ခတွေမဖြစ်ဖို့နဲ့ ညှိနှိုင်းကြဖို့ ကော်သူးလေတပ်မတော် စတင်တည်ထောင်စဥ်ကတည်းက အကြိမ်ကြိမ်တောင်းဆိုခဲ့ဖူးပါတယ်။
The Tanintharyi Times