ပုလောမှာ မျက်နှာဖုံးစွပ်ပြီး လက်နှောက်ပြန်ကြိုးတုပ်ခံထားရတဲ့ အမျိုးသားအလောင်း ငါးဖမ်းပိုက်ထဲငြိပါလာ
ပုလောမှာ မျက်နှာဖုံးစွပ်ပြီး လက်နှောက်ပြန်ကြိုးတုပ်ခံထားရတဲ့ အမျိုးသားအလောင်း ငါးဖမ်းပိုက်ထဲငြိပါလာ

ငါးဖမ်းပိုက်မှာ အမျိုးသားအလောင်းတစ်လောင်း ငြိပါလာတဲ့ ဖြစ်စဉ်တစ်ခု ပုလောမြို့နယ်၊ လိပ်သောင်ရွာမှာ ပြီးခဲ့တဲ့ နှစ်ရက်က ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလ ၃ ရက်နေ့က ငါးဖမ်းလှေငယ်တစ်စင်းရဲ့ ငါးဖမ်းပိုက်မှာ ပါလာတာဖြစ်ပြီး အဆိုပါအလောင်းဟာ မျက်နှာဖုံးစွပ်ခံထားရကာ လက်ပြန်ကြိုးတုပ်အနေအထားနဲ့ အမျိုးသားတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။
“ကမ်းယူလာရင် ပြဿနာတက်နိုင်တယ်။ စစ်ဆေး လာကြလိမ့်မယ်။ ဒါကြောင့် ပိုက်ကိုပင်လယ်မှာပဲ ဖြတ်ချပစ်ခဲ့တယ် ပြောတယ်။ အလောင်းက ဘယ်သူမှန်းမသိဘူး။“ လို့ လိပ်သောင်ရွာသားတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကလည်း ပုလောမြို့နယ်၊ လက္ကူးကျေးရွာအုပ်စု၊ ပြင်းဖြူရွာက ပင်လယ်ကမ်းစပ်မှာ လက်နောက်ပြန်ကြိုးတုပ်ခံထားရပြီး ဓားထိုးဒဏ်ရာတွေနဲ့ ပုပ်ပွနေတဲ့ အလောင်းတစ်လောင်းတွေ့ရှိခဲ့ဖူးပါတယ်။ အဲဒီအလောင်းကိုတော့ လက္ကူးရွာနာရေးကူညီမှုအသင်းက ရွာသင်္ချိုင်းမှာပဲ မီးရှို့သင်္ဂြိုလ်ပေးခဲ့ရပြီး ဘယ်သူဘယ်ဝါဆိုတာ ဒီကနေ့ထိ မသိခဲ့ရပါဘူး။
ပုလောမြို့နယ်ထဲက ပင်လယ်ရွာတွေဖြစ်တဲ့ လိပ်သောင်ရွာအပြင် ကျောက္ကားကျေးရွာနဲ့ ကော့ဒွေးကျွန်းတွေဘက်မှာလည်း ပြီးခဲ့တဲ့လက စစ်ကောင်စီစစ်သင်္ဘောတွေလှုပ်ရှားမှုရှိခဲ့ပြီး မသင်္ကာတဲ့ ငါးဖမ်းလှေငယ်လေးတွေကို သေနတ်နဲ့ ခြောက်လှန့်ပစ်ခတ်တာမျိုးတွေလုပ်ဆောင်ခဲ့ပါတယ်။
အခုလအစမှာတော့ အဲဒီစစ်သင်္ဘောက စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကျောက္ကားကျေးရွာမှာ အခြေချထားပြီး တပိုင်တနိုင်ငါးဖမ်းလှေငယ်လေးတွေကို အဝင်အထွက် တင်းကြပ်စစ်ဆေးနေတယ်လို့ သိရပါတယ်။
The Tanintharyi Times