ကျွန်းစုမြို့က နေအိမ်ဆယ်အိမ်ကျော်ကို သုံးရက်အတွင်း ဖျက်ပြီး ရွှေ့ပြောင်းခိုင်းလို့ အခက်အခဲကြုံနေ

ကျွန်းစုမြို့က နေအိမ်ဆယ်အိမ်ကျော်ကို သုံးရက်အတွင်း ဖျက်ပြီး ရွှေ့ပြောင်းခိုင်းလို့ အခက်အခဲကြုံနေ

မြိတ်ခရိုင်၊ ကျွန်းစုမြို့ပေါ်က နေအိမ်ဆယ်အိမ်ကျော်ကို မြို့နယ်လျှပ်စစ်ရုံးပိုင်မြေထဲရောက်နေတယ်ဆိုပြီး သုံးရက်အတွင်းဖယ်ခိုင်းနေလို့ အခက်အခဲဖြစ်နေတယ်လို့ အဲဒီနေရာမှာနေသူတွေကပြောပါတယ်။

အမှတ် ၃ ရပ်ကွက်က နေအိမ် ၁၄ ဆောင်ကို မနက်ဖြန်၊ စက်တင်ဘာ ၆ရက်နေ့ နောက်ဆုံးထားပြီး အိမ်ဖျက်၊ နေရာပြောင်းဖို့ လျှပ်စစ်နဲ့ ထွေအုပ်က လွန်ခဲ့တဲ့ နှစ်ရက်က လာရောက်ပြောဆိုထားတာဖြစ်ပါတယ်။

“မိုးတွင်းမှာ ရွှေ့ရပြောင်းရမှာဆိုတော့ခက်ခဲတာပေါ့။ သူတို့ကိုပြန်ပြောရင်လည်းအာဏာဖီဆန်တယ်ဖြစ်ဦးမယ်။ အဲဒါကြောင့် ဖြိုနေ၊ ရွှေ့နေ၊ ပြောင်းနေကြရတာပေါ့” လို့ နေအိမ် ရွှေ့ပြောင်းဖို့ပြင်ဆင်နေရသူတစ်ဦးက ပြောပါတယ်။

ပြောင်းရွှေ့နေရတဲ့ နေအိမ်တွေဟာ လျှပ်စစ်ရုံးက ကာထားတဲ့သွပ်ဆူးကြိုးခြံအပြင်ဘက်မှာရှိနေပေမဲ့ မြို့နယ်လျှပ်စစ်ရုံးကပိုင်တယ်ဆိုပြီး ​အုတ်တံတိုင်းခြံစည်းရိုးခတ်ဖို့ အိမ်တွေကိုအခုလိုဖြိုဖျက်ခိုင်းနေတာပါ။

နေအိမ် ၁၄ ဆောင်ကို အမှတ် ၄ ရပ်ကွက်မှာ နေရာပြပေးပြီး အဲဲဒီနေရာမှာယာယီနေထိုင်ရမယ်လို့ ပြောဆိုထားတယ်လို့သိရပါတယ်။

မိုးတွင်းကာလမှာရွှေ့ရ၊ ပြောင်းရမှာအခက်အခဲရှိနေတဲ့အပြင် အိမ်မှာရှိနေတဲ့ အမျိုးသားတွေက ရေလုပ်ငန်း၊ ခြံလုပ်ငန်းတွေမှာသွားရောက်လုပ်ကိုင်နေကြတဲ့အတွက် သုံရက်အတွင်းအိမ်တွေဖြိုပြီးဖယ်ပေးဖို့ အခက်အခဲတွေရှိနေတယ်လို့ဆိုပါတယ်။

“လျှပ်စစ်ရုံးက ဦးစီးမှူးကိုသွားပြောကြတယ်။ သီတင်းကျွတ်လောက်အထိဆုတ်ပေးလို့မရဘူးလားလို့၊ သွားတောင်းဆိုတာမရဘူးဆိုပြီး ပြန်ပြောလိုက်တယ်။ အဲဒါဆို လင်သားတွေပြန်မလာသေးလို့ တစ်ပတ်လောက်ပဲဆုတ်ပေးပါလို့ပြောတာလည်းမရဘူး” လို့ အဲဒီနေရာမှာနေသူတစ်ဦးကပြောပါတယ်။

မြို့နယ်လျှပ်စစ်ရုံးကပိုင်တယ်ဆိုတဲ့ နေရာမှာ နေထိုင်ကြသူတွေဟာ အချို့က ဆယ်နှစ်နီးပါးကြာနေပြီဖြစ်ပြီး အချို့ကလည်း တစ်နှစ်၊ နှစ်နှစ်လောက်ပဲရှိသေးတယ်လို့သိရပါတယ်။

The Tanintharyi Times