ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် ရှိတ်ဟာစီနာ ရာထူးကနုတ်ထွက်ပြီး နိုင်ငံကနေတိမ်းရှောင်

ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် ရှိတ်ဟာစီနာ ရာထူးကနုတ်ထွက်ပြီး နိုင်ငံကနေတိမ်းရှောင်

နိုင်ငံတဝန်း ဆန္ဒပြပွဲတွေ ပြင်းထန်လာပြီး တဲ့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် ရှိတ်ဟာစီနာ ရာထူးကနေ နုတ်ထွက်ပြီး နိုင်ငံကနေတိမ်းရှောင်သွားတယ်လို့ Aljazeera သတင်းဌာန မှာဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရဲ့ မြို့တော် ဒါကာ မှာရှိတဲ့ ဝန်ကြီးချုပ် အိမ်တော်ကို ဆန္ဒပြသူတွေက ဝင်ရောက် စီးနင်းပြီးနောက် ဝန်ကြီးချုပ်ရာထူးကနုတ်ထွက်ကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။

သူမဟာ ဆန္ဒပြသူတွေ ဝင်ရောက်စီးနင်း မလုပ်ခင်ကတည်း အိမ်တော်မှာ မရှိတော့ဘူးလို့လည်း နိုင်ငံတကာ သတင်းတွေ ဖော်ပြကြပါတယ်။

ဆန္ဒပြပွဲတွေ ဖြစ်ပွားနေစဉ် ဘင်္ဂလားဒေ့ရှ် အစိုးရအဖွဲ့ကထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို လျစ်လျူရှု ပြီး တင်္ဂနွေနေ့ ညကတည်း စစ်ရဟတ်ယာဉ် နဲ့တိမ်းရှောင်သွားတာဖြစ်တယ်လို့ လည်း Al Jazeera သတင်းမှာဖော်ပြပါရှိပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တစ်ရက်တည်းမှာ အာဏာပိုင်တွေ ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ဆန္ဒပြ လူထု ထဲက လူပေါင်း ၁၀၀ နီးပါးသေဆုံးခဲ့ပြီးနောက် ဆန္ဒပြသူတွေ ဟာ ဝန်ကြီးချုပ်အိမ်တော်ထိ ချီတက်ဖို့ ဆုံးဖြတ်ခဲ့ကြပြီး တင်းမာမှုတွေလည်းပိုမို မြင့်တက်လာတာဖြစ်ပါတယ်။

ဆန္ဒပြသူတွေကတော့ ဝန်ကြီးချုပ် ရာထူးက ထွက်ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။

ဇူလိုင်လမှာ စတင်ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေ မှာ အာဏာပိုင်တွေ အကြမ်းဖက်ဖြိုခွင်း မှုကြောင့် လူပေါင်း ၂၀၀ နီးပါး သေဆုံးခဲ့ရပါတယ်။ မနေ့က တည်းတစ်ရက်တည်း ၁၀၀ ကျော်ထပ်မံသတ်ဖြတ်ခဲ့တာကြောင့် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေသတ်ဖြတ်ခဲ့ ဆန္ဒပြပြည်သူ ၃၀၀ နီးပါးရှိပြီဖြစ်ပါတယ်။

ဆန္ဒပြပွဲတွေကို နှိမ်နင်းဖို့ အာဏာပိုင်တွေက နိုင်ငံအနှံ့ ကျောင်းတွေ၊ တက္ကသိုလ်တွေကို ပိတ်ခဲ့သလို၊ အင်တာနက်တွေကို ဖြတ်တောက်ခဲ့ပါတယ်။

ဒ့ါအပြင် ညမထွက်ရအမိန့်ပါထုတ်ပြန်ခဲ့ပြီး အမိန့် ချိုးဖောက်သူတွေကို ပစ်ခတ်ဖို့ထိ ရှိတ်ဟာစီနာ ထပ်မံအမိန့်ပေးခဲ့တာပါ။

ဆန္ဒပြပွဲတွေနဲ့ ဆက်နွယ်ပြီး မကြာသေးခင် သီတင်းပတ်တွေအတွင်း ဖမ်းဆီးခံရသူ ၁၁,၀၀၀ ထက်မနည်း ရှိခဲ့ပါတယ်။

ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ပူးပေါင်းတင်ဆက်ပါတယ်။

The Tanintharyi Times