ထားဝယ်ထောင်ကနိုင်ငံရေးအကျဥ်းသားတစ်ဦးအပြင်းအထန်ရိုက်နှက်ခံရပြီး တိုက်ပိတ်ခံထားရ
ထားဝယ်ထောင်ကနိုင်ငံရေးအကျဥ်းသားတစ်ဦးအပြင်းအထန်ရိုက်နှက်ခံရပြီး တိုက်ပိတ်ခံထားရ
ထားဝယ်အကျဥ်းထောင်တွင်းက နိုင်ငံရေးအကျဥ်းသားတစ်ဦးကို အပြင်နဲ့ဆက်သွယ်နေတယ်ဆိုပြီး မနေ့က အပြင်းအထန်ရိုက်နှက်ခဲ့တယ်လို့ ထောင်နဲ့နီးစပ်သူတွေထံကနေသိရပါတယ်။
ရိုက်နှက်ခံရသူဟာ အမိန့်ချခံထားရပြီးသား လူငယ်နိုင်ငံရေးအကျဥ်းသားတစ်ဦးဖြစ်တယ်လို့သိရပါတယ်။
“ထောင်ဝင်းထဲကို စရဖတွေရဲတွေဝင်လာပြီး သူ့ကိုအပြင်ပြန်ခေါ်ထုတ်သွားတာပါ။ ရိုက်နှက်နှိပ်စက်ပြီးစစ်ဆေးတယ်။ နောက်တော့ထောင်ထဲပြန်ပို့ပြီးတိုက်ပိတ်ထားတယ်” လို့ထောင်နဲ့နီးစပ်သူကဆိုပါတယ်။
ရိုက်နှက်ခံထားရတာကြောင့် မျက်နှာ ကျောပြင် နဲ့ခြေသလုံးတွေမှာ အရေပြားစုတ်ပြဲဒဏ်ရာတွေအများအပြားရရှိခဲ့တယ်လို့သိရပါတယ်။
သူ့ရဲ့မိသားစုဝင်တွေကိုလည်းဖမ်းဆီးစစ်ဆေးနေတာမျိုးရှိတယ်လို့သိရပြီး အဲဒီအပေါ်မှာအတည်ပြုချက်တော့မရယူနိုင်သေးပါဘူး။
အမိန့်ချခံထားရပြီးသားနိုင်ငံရေးအကျဥ်းသားတစ်ဦးကို ထောင်ပြင်ခေါ်ထုတ်ပြီး စစ်ဆေးရိုက်နှက်တာမျိုးဟာ ထားဝယ်ထောင်မှာအရင်ကမရှိခဲ့ဖူးပါဘူး။
ထောင်တွင်းမှာလည်း အရင်ကထက်ပိုမိုစောင့်ကြည့်တာတွေနဲ့ တရားဝင်ခွင့်ပြုထားတဲ့ အသုံးအဆောင်ပစ္စည်းပေးပို့တာတွေကိုပါ တင်းကြပ်တာတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။
The Tanintharyi Times
