စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် AA တပ်ဖွဲ့ဝင် ၆ ဦးကျဆုံး
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် AA တပ်ဖွဲ့ဝင် ၆ ဦးကျဆုံး
ထိုင်း-မြန်မာနယ်စပ် KNLA တပ်မဟာ ၅ ဧရိယာထဲမှာရှိတဲ့ ရက္ခိုင့်တပ်တော်(AA)ရဲ့တပ်စခန်းကို စစ်ကောင်စီတပ်တွေ မနေ့က လေကြောင်းနဲ့တိုက်ခိုက်ခဲ့မှုကြောင့် တပ်ဖွဲ့ဝင် ၆ ဦးကျဆုံးခဲ့တယ်လို့သတင်းထုတ်ပြန်ပါတယ်။
ဇူလိုင်လ ၄ ရက်နေ့၊ နေ့လယ် ၁၂ နာရီ ၂၅ မိနစ်အချိန်မှာ AAရဲ့ တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်ရဲ့ ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကတော့ ဒီတိုက်ခိုက်မှုဟာ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခဲ့တာဖြစ်ပြီး လိုအပ်သလိုတုန့်ပြန်သွားမယ်လို့ Western News သတင်းဌာနကို ပြောဆိုပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူတွေလည်းရှိသလို စခန်းမှာရှိတဲ့ ဆေးရုံ၊ ဆေးခန်း၊ စက်ချုပ်စက်ရုံအပါအဝင် အဆောက်အအုံအချို့ပျက်စီးခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ တိုက်လေယာဥ်နှစ်စီးဟာ ထိုင်းနိုင်ငံပိုင်နက်ထဲကို ပျံသန်းသွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


The Tanintharyi Times
