သစ်တောတွေထဲက ထွက်လာတဲ့ ကျည်ဆံများ

သစ်တောတွေထဲက ထွက်လာတဲ့ ကျည်ဆံများ

Photo - EIA

ဒီနေ့ဇွန်လ၅ရက်နေ့ဟာ “ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့” (World Environment Day) ဖြစ်ပါတယ်။ ၁၉၇၄ ခုနှစ်ကစပြီး ကျင်းပခဲ့ကြတာ အခုဆိုရင် ၅၁ နှစ်ရှိပြီ ဖြစ်ပါတယ်။ အသက်၅၀ကျော်လာပြီဖြစ်တဲ့ သဘာဝပတ်ဝန်းကျင်နေ့ဟာ ကျန်းမာရေးပိုချူချာလာတာကို တွေ့ရပါတယ်။

အကြီးမားဆုံးပြဿနာတစ်ခုကတော့ သူ့ကျန်းမာရေးအတွက် အရေးအကြီးဆုံးဓါတ်စာဖြစ်တဲ့ သစ်တောတွေပြုန်းတီးလာတာပဲ ဖြစ်ပါတယ်။ ကမ္ဘာ့သစ်တောတွေရဲ့အခြေအနေဟာ ဘယ်လိုများ ဖြစ်နေပါသလဲလို့ ကြည့်ကြရအောင်ပါ။

သစ်တောပြုန်းတီးမှုဟာ အဆန်းတော့မဟုတ်ပါဘူး။ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀,၀၀၀ လောက်က လူသားတွေ စိုက်ပျိုး‌ရေးနဲ့မွေးမြူရေးကို စတင်လုပ်ဆောင်လာကတည်းက သစ်ပင်တွေကို ခုတ်လှဲခဲ့ကြတာပါ။ ဒါပေမယ့်ခေတ်သစ်သမိုင်းမှာတော့ သစ်တောပြုန်းတီးမှုနဲ့ပတ်သက်ရင် စိုက်ပျိုးရေးနဲ့မွေးမြူရေးကိုပဲ လက်ညှိုးထိုးလို့ မရတော့ပါဘူး။

ဒီနေရာမှာ အရေးကြီးတဲ့အချက်က သစ်တောပြုန်းတီးမှုလို့ ပြောတဲ့အခါ ဒီပြဿနာကို “သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရာဇဝတ်မှု” (Environmental Crime) အဖြစ်သာ ရှူမြင်ကြခြင်း ဖြစ်ပါတယ်။ တကယ်တော့သစ်တောများပြုန်းတီးမှုဟာ အကြမ်းဖက်သမားတွေ၊ မူးယစ်ရာဇာ မာဖီးယားအဖွဲ့ကြီးတွေနဲ့ ကမ္ဘာပေါ်မှာအရက်စက်ဆုံး အာဏာရှင်တွေနဲ့ ဆက်စပ်နေပါတယ်။ သစ်တောပြုန်းတီးမှုဟာ ပထဝီနိုင်ငံရေးကိုအပျက်သဘောနဲ့ ပုံဖေါ်နေပါတယ်။

မြန်မာနိုင်ငံက တနင်္သာရီဒေသက သစ်တောတွေကစပြီး အာဖရိကကွန်ဂိုကဘေးမဲ့တောတွေအထိ အဲဒီရာဇဝတ်ကောင်တွေကို ကျည်ဖြည့်ပေးတဲ့ဝန်ထုပ်ဝန်ပိုးကို ထမ်းနေကြရပါတယ်။ သစ်တောတွေဟာ မသမာသူတွေရဲ့ကျည်ကပ်တွေ ဖြစ်နေကြရပါတယ်။

မြန်မာမှာအာဏာသိမ်းတဲ့၂၀၂၁ ခုနှစ်ကစပြီး ၂၀၂၃ ခုနှစ်အထိ နိုင်ငံခြားကိုသစ်တင်ပို့မှုဟာ ဒေါ်လာ ၂၃၅.၆ သန်းရှိတယ်လို့ တရားဝင်ကိန်းဂဏန်းတွေက ဆိုပါတယ်။ တကယ်ထုတ်လုပ်မှုကတော့ ဒီထက်အဆပေါင်းများစွာမြင့်မားမယ်ဆိုတာဟာ သံသယဖြစ်စရာမရှိပါဘူး။ မြန်မာကထွက်တဲ့ သစ်တွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ တရုတ်နဲ့ အိန္ဒိယကို ဦးတည်ကြပါတယ်လို့ ကမ္ဘာလုံးဆိုင်ရာနယ်ခြား ဖြတ်ကျော် ရာဇဝတ်မှုဆန့်ကျင်ရေးအဖွဲ့ကြီး (Global Initiative Against Transnational Organized Crime)ရဲ့ ၂၀၂၁ ခုနှစ်ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

ဒီဝင်ငွေတွေဟာ မြန်မာစစ်ကောင်စီက ပြည်သူတွေအပေါ်စစ်ရာဇဝတ်မှုတွေကိုကျူးလွန်ဖို့အတွက် အမာခံငွေကြေးတွေပါပဲ။ ကျည်ဆံတွေအမြောက်ဆံတွေနဲ့ အရပ်သားတွေအပေါ် ကြဲချတဲ့ ဗုံးတွေရဲ့ မြစ်ဖျားခံရာ ဖြစ်ပါတယ်။

တနင်္သာရီတိုင်းဟာ ၂၀၂၃ ခုနှစ်တစ်နှစ်ထဲမှာ ၂၇.၆ ကီလိုဟက်တာကိုဆုံးရှုံးခဲ့ရတယ်လို့ Global Forest Watch အဖွဲ့က တွက်ချက်ပါတယ်။ ၁ ကီလိုဟက်တာဟာ ဘောလုံးကွင်းပေါင်း တစ်ထောင်နဲ့ ညီမျှပါတယ်။ စုစုပေါင်းဆိုရင် တနင်္သာရီဟာ၂၀၂၃ ခုနှစ်တစ်နှစ်အတွင်းမှာ ဘောလုံးကွင်းပေါင်း ၂၇,၆၀၀ နဲ့ညီတဲ့ သစ်တောတွေကို ဆုံးရှုံးခဲ့ရပါတယ်။

မြန်မာနိုင်ငံအပြင် တခြားနိုင်ငံတွေမှာလည်း မသမာသူတွေရဲ့အိတ်ကပ်ကို သစ်တောတွေက ဖြည့်ဆည်းပေးနေကြရပါတယ်။ ရုရှားရဲ့သစ်ထုတ်လုပ်ရေးကရတဲ့ဝင်ငွေဟာ ၂၀၂၁ ခုနှစ်တစ်နှစ်အတွင်းမှာ ဒေါ်လာ ၁၄ ဘီလျံ ရှိတယ်လို့ The War on Trees ဆိုတဲ့ Foreign Affairs မဂ္ဂဇင်းကဆောင်းပါးမှာ တွက်ပြထားပါတယ်။ ဒီဝင်ငွေတွေဟာ ယူကရိန်းကိုဗုံးကြဲချဖို့ လေယာဉ်ကြီးတွေဖြစ်လာခဲ့တာပါပဲ။

အာဖရိကတိုက်၊ မိုဇမ်ဘစ်က အကြမ်းအဖွဲ့ Islamic State (ISIS) ဟာ တရားမဝင်သစ်မှောင်ခိုလုပ်ငန်းနဲ့ သူ့ရန်ပုံငွေကို ဖြည့်တင်းတာပါ။ ဒီလိုပဲ ဆိုမာလီအကြမ်းဖက်အဖွဲ့ အယ်လ်ရှာဘက်ကလည်း သူ့အိတ်ထောင်ကို သစ်ပင်တွေနဲ့လဲလှယ်ပါတယ်။ အယ်လ်ကိုင်းဒါးအဖွဲ့နဲ့ဆက်နွယ်တဲ့ မာလီနိုင်ငံက ဂျာမတ် နူစရတ် အယ်လ်အစ္စလာမ်ကလည်း ရှားပါးသစ်မျိုးနွယ်တွေကို ခုတ်လှဲရောင်းချပြီး အကြမ်းဖက်လုပ်ငန်းတွေကို လည်ပတ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ မြန်မာ့သစ်လုပ်ငန်း (Myanma Timber Enterprise – MTE) နဲ့ ခရိုနီကုမ္ပဏီတွေက ခေတ်အဆက်ဆက်ဒီလုပ်ငန်းကို လက်ဝါးကြီးအုပ်ခဲ့ကြပါတယ်။

နိုင်ငံတကာနယ်ခြားဖြတ်ကျော်ရာဇဝတ်မှုတွေထဲမှာ တရားမဝင်သစ်မှောင်ခိုလုပ်ငန်းဟာ ကုန်ပစ္စည်းအတုထုတ်လုပ်မှုနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ဖေါက်ကားမှုပြီးရင် တတိယအကြီးဆုံး ရာဇဝတ်မှုဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု အကောက်ခွန်နဲ့နယ်စပ်ကာကွယ်ရေးဌာန (U.S Customes and Border Protection – CBP) ရဲ့တွက်ချက်မှုက ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ (အင်တာပိုလ်)နဲ့ ကုလသမဂ္ဂတို့ရဲ့တွက်ချက်မှုကတော့ နိုင်ငံတကာသစ် ကုန်သွယ်မှုရဲ့ ၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းခန့်ဟာ တရားမဝင်မှောင်ခိုဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အမေဇုံဒေသနဲ့ကျွန်တော်တို့အရှေ့တောင်အာရှဒေသတွေမှာတော့ တရားမဝင် သစ်မှောင်ခို ဟာ ၅၀ ကနေ ၉၀ ရာခိုင်နှုန်းအထိမြင့်တက်တယ်လို့ ခန့်မှန်းကြပါတယ်။

ကမ္ဘာ့တစ်လွှားမှာ တစ်နှစ်ကို သစ်တောနဲ့ပတ်သက်တဲ့ ရာဇဝတ်မှုတွေရဲ့ အမြတ်အစွန်းဟာ ဒေါ်လာ ၁၅၇ ဘီလျံလောက် ရှိပါတယ်။ ဒီငွေတွေကို မာဖီးယားတွေနဲ့အကြမ်းဖက်အဖွဲ့တွေဟာ အိမ်ခြံမြေ (Real Estate) နဲ့အခြားလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံပြီး ငွေကြေးခဝါချကြပါတယ်။ အဆမတန်တက်လာတဲ့ ဈေးနှုန်းတွေရဲ့ဒဏ်ကို ပြည်သူတွေကျောကော့အောင် ခံကြရပါတော့တယ်။

တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာသစ်တောထွက်ကုန်ပစ္စည်းတွေ တင်ပို့ရောင်းချတဲ့ အကြီးမားဆုံး နိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် သူ့နိုင်ငံတွင်းမှာတော့ သစ်ထုတ်လုပ်မှုကို တင်းတင်းကြပ်ကြပ်စိစစ်ပါတယ်။ ရလဒ်ကတော့ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ ရုရှားကစလို့ အာဖရိကနိုင်ငံတွေအထိသူ့ရဲ့ “သစ်ဆာလောင်မှု”ကို ဖြည့်တင်းပေးကြရပါတယ်။

တရုတ်ဟာ ကမ္ဘာ့တရားမဝင်သစ်တင်သွင်းမှုအများဆုံးနိုင်ငံလို့ UK အခြေစိုက် Environmental Investigation Agency ကဆိုပါတယ်။ တရုတ်ရဲ့ သစ်ကုန်ပစ္စည်းတွေကို အဝယ်ယူဆုံးနိုင်ငံကတော့ အမေရိကန်ပြည်ထောင်စုဖြစ်ပါတယ်။

တနင်္သာရီတိုင်းအတွင်းမှာတော့ မြိတ်ဟာ သစ်တောအဆုံးရှူံးဆုံးဒေသဖြစ်ပြီး သူ့နောက်မှာ ကော့သောင်းက ဒုတိယနဲ့ ထားဝယ်က တတိယအဖြစ် အသီးသီးနေရာယူထားတယ်လို့ Global Forest Warch က တွက်ပြပါတယ်။

နောင်လာမယ့်မျိုးဆက်တွေအတွက် သစ်တောတွေချန်ထားခဲ့နိုင်ဖို့ “ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့”မှာ ကတိပြုကြရမှာပါ။ သစ်တောတွေထဲက ကျည်ဆံတွေထွက်မလာဖို့ အားလုံးမှာတာဝန်ရှိကြပါတယ်။

ရုရှစာရေးဆရာကြီး လီယိုတော်လ်စတွိုင်းက ပြောခဲ့ပါတယ်။

“ဝမ်းသာပျှော်ရွှင်ဖို့အတွက် လိုအပ်တဲ့အခြေအနေတစ်ခုကတော့ လူသားနဲ့သဘာဝကြားက ချည်နှောင်မှုတွေ ပြိုလဲမသွားဖို့ပါပဲ”။ ။

အမောင်

The Tanintharyi Times