တရားမျှတမှုအပေါ် ခဏခဏမေ့လျော့တတ်သော တော်လှန်ရေး

တရားမျှတမှုအပေါ် ခဏခဏမေ့လျော့တတ်သော တော်လှန်ရေး

ပဋိပက္ခနဲ့ တော်လှန်ရေးကာလတွေမှာ တရားမျှတမှုနဲ့ လက်စားချေမှုကြားက မျဥ်းတွေက မှုန်ဝါးသွားတတ်လေသလား။

ရွှေဈေးနှုန်းမတည်ငြိမ်အောင်လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ရွှေကုန်သည် ၂၁ ဦးကို ဖမ်းဆီးလိုက်သလို နာမည်ကြီး ရွှေဆိုင်ပိုင်ရှင်တွေ အပါအဝင် ရွှေလုပ်ငန်း လုပ်ကိုင်နေသူ ၁၀ ဦးကိုလည်း မကြာသေးမီရက်ပိုင်းက ဖမ်းဝရမ်းထုတ်ကြောင်း ကြေညာပါတယ်။

တကယ်လက်တွေ့မှာက ဒီလောက်မရိုးရှင်းဘူးထင်ပါတယ်။ ရွှေဈေးမြင့်တက်လာတာဟာ အဓိကအားဖြင့် မြန်မာကျပ်ငွေတန်ဖိုးကျဆင်းနေပြီး ငွေကြေးဖောင်းပွမှုများပြားလာတာကြောင့် ဖြစ်တယ်လို့ ပညာရှင်တွေကထောက်ပြတာတွေ့ရပါတယ်။

ဒီလိုဖမ်းဆီးမှုတွေ လုပ်ပြီး ဈေးကွက်ကိုထိန်းချုပ်ဖို့ကြိုးစားတာဟာ စီးပွားရေးကို ကမောက်ကမ ပိုဖြစ်စေသလို အဖမ်းခံရတဲ့ ရွှေဆိုင်ပိုင်ရှင်တွေအတွက်လည်း မတရားတဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။ အနာတစ်ခြား ဆေးတစ်ခြားနဲ့ အာဏာရှင်ရဲ့ စရိုက်ကို ပြတာပါပဲ။

ဒီနေရာမှာ ပိုသတိပြုဖို့လိုတာက လူထုရဲ့ တုန့်ပြန်မှုပါ။ ဒီလိုဖမ်းဆီးတာဟာ တရားမျှတမှုမရှိဘူး ၊ ဒီလိုအနာတစ်ခြား ဆေးတစ်ခြားစီးပွားရေးမူဝါဒကို ဆန့်ကျင်ရမယ့်အစား လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တွေ့နေရတာက စစ်ကောင်စီနဲ့ နီးစပ်တဲ့ ရွှေဆိုင်တွေကိုပါ ဖမ်းဖို့ တိုက်တွန်းနေတာပါ။

ဒီလိုတောင်းဆိုတာဟာ ချက်ချင်းလက်တုန့်ပြန်လိုတဲ့ ဆန္ဒတွေကို အရင်းခံတဲ့ မတရားတဲ့ လုပ်ရပ်တွေကို ပံ့ပိုးတဲ့ အန္တရာယ်ရှိတဲ့ သဘောထားမှတ်ချက်တွေဖြစ်ပါတယ်။ အာဏာရှင်တွေရဲ့ သဘောသဘာဝစနစ်ကို ဆန့်ကျင်ရမယ့်အစား အာဏာရှင်နည်းလမ်းနဲ့ ပြစ်ဒဏ်ပေးတာ အာဏာရှင်လိုပြုမူတာကို အားပေးအားမြှောက်ပြုတာမျိုး ခြေချော်လက်ချော်ဖြစ်တတ်ပါတယ်။

လက်စားချေချင်တာ အမုန်းတရားရဲ့ အရှိန်နဲ့ တရားမျှတမှုရဲ့ အခြေခံမူတွေကို မေ့လျော့တာတွေကို သတိနဲ့ ထိန်းဖို့ လိုပါတယ်။

အာဏာရှင်စနစ်ကို ဆန့်ကျင်တယ်ဆိုတာ အာဏာရှင် ထောက်ခံသူတွကို လက်တုန့်ပြန်ရုံသက်သက်မဟုတ်ပါဘူး ။ တရားမျှတမှုနဲ့ တရားတဲ့ ဥပဒေတွေစိုးမိုးဖို့ စတဲ့ အခြေခံမူတွေ ထွန်းကားဖို့၊ အာဏာရှင်စနစ်ကို မှန်မှန်ကန်ကန် ဆန့်ကျင်ဖို့ဆိုရင် မတရားမှု ပုံစံအားလုံးကို ဆန့်ကျင်ရမှာ ဖြစ်ပါတယ်။

ဒီလိုမတရားမှုကို ဘယ်သူက ဘယ်သူ့ဘက်ကို ကျူးလွန်သည်ဖြစ်စေ ဆန့်ကျင်ရပါမယ်။ စစ်ကောင်စီကနေပြီး ဒီလိုဖိနှိပ်တဲ့ အပြုအမူတွေကို စစ်တပ်ထောက်ခံသူတွေအပေါ် ကျူးလွန်နေရင်တောင်မှ ဆန့်ကျင်ရပါမယ်။​ ဒီလိုနည်းနဲ့ ဖိနှိပ်တဲ့ မတရားမှု သံသရာကို တွန်းလှန်ရပါမယ်။ ဘယ်သူမဆို တရားမျှတစွာ ဆက်ဆံခံရဖို့ တိုက်ပွဲဝင်ရပါမယ်။

“မတရားမှု တစ်နေရာရာမှာ ဖြစ်နေတာဟာ နေရာတိုင်းမှာရှိတဲ့ တရားမျှတမှုကို ခြိမ်းခြောက်တာပဲ” လို့ နိုဗယ်ငြိမ်းချမ်းရေး ဆုရှင်တစ်ဦးဖြစ်ပြီး အမေရိကန်နိုင်ငံတွင် လူမျိုးရေးခွဲခြားမှုကို အဆုံးသတ်ရန် အကြမ်းမဖက်သည့်နည်းဖြင့် တိုက်ပွဲဝင်ခဲ့သည့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ မာတင်လူသာကင်း ဂျူနီယာ က ပြောခဲ့ဖူးပါတယ်။

ဖိနှိပ်တဲ့ အာဏာရှင်ကို တွန်းလှန်ရာမှာ တရားမျှတမှုရဲ့ အခြေခံမူတွေကို မယိမ်းမယိုင် ဆုပ်ကိုင်ထားဖို့ လိုပါတယ်။ နာကျည်းမုန်းတီးမှုတွေနဲ့ ကလဲ့စားချေတဲ့ဘက်ကို ဇောင်းပေးတဲ့ မတရားတဲ့လုပ်ရပ်တွေကို ထောက်ခံဖို့ ကိုယ်တိုင်မဆော်ဪမိဖို့ လိုသလို အခြားသူတွေကိုလည်း သတိမူဖို့ တိုက်တွန်းရပါမယ်။

“အာဃာတထားတယ်ဆိုတာ ကိုယ်တိုင်အဆိပ်သောက်ပြီး တစ်ဖက်ရန်သူကို အဲဒီအဆိပ်နဲ့ သေလိမ့်မယ်လို့ မျှော်လင့်နေရသလိုပဲ”လို့ လူ့ဂုဏ်သိက္ခာ၊ တန်းတူ ညီမျှရေး၊ လွတ်လပ်ရေးတွေ အတွက် တိုက်ပွဲဝင်ခဲ့တဲ့ တောင်အာဖရိကရဲ့ သမ္မတဟောင်း တစ်ဦးဖြစ်သူ နယ်လ်ဆင်မန်ဒဲလား ပြောခဲ့သလိုပါပဲ ။ မတရားတဲ့ လုပ်ရပ်ကို အထောက်အပံ့ပေးပြီး ရန်သူကိုတွန်းလှန်ဖို့ကြိုးစားတာဟာ မှားယွင်းတဲ့လမ်းစဥ်ဖြစ်တယ်။ အာဏာရှင်စနစ်ကို ဆန့်ကျင်ခြင်းဟာ မတရားမှုပုံစံတစ်မျိုးကို အခြားပုံစံတစ်ခုနဲ့ အစားထိုးဖို့ မဟုတ်ကြောင်း အလေးအနက်ထား ပြောလိုက်ပါရစေ။

ဝီးဂျား

The Tanintharyi Times