မြန်မာမှာ ပြင်းထန်တဲ့ငလျင် ဘာကြောင့် လှုပ်ခတ်ခဲ့သလဲ

မြန်မာမှာ ပြင်းထန်တဲ့ငလျင် ဘာကြောင့် လှုပ်ခတ်ခဲ့သလဲ

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်သောကြာနေ့က ငလျင်အကြီးအကျယ်လှုပ်ခဲ့တဲ့အတွက် လူပေါင်း များစွာကျော်သေဆုံးပြီး အပျက်အစီးတွေလည်း အများအပြားဖြစ်ပေါ်ခဲ့ရပါတယ်။ ဒီငလျင်ကြောင့် အိမ်နီးချင်း တရုတ်နဲ့ထိုင်းနိုင်ငံတွေအထိပါ သက်ရောက်မှုတွေ ဖြစ်ပေါ်‌စေခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ ငလျင်လှုပ်ခတ်မှုကြုံတွေ့နိုင်ခြေများတဲ့ နိုင်ငံတစ်ခုဖြစ်ပေမယ့် အိမ်နီးချင်း တရုတ်နဲ့ထိုင်းနိုင်ငံတွေကတော့ ငလျင်အန္တရာယ် ကြုံတွေ့နိုင်ချေနည်းတဲ့နိုင်ငံတွေပါ။

ဒါပေမယ့် ငလျင်ဗဟိုချက်ကနေ ကီလိုမီတာ ၁၀၀၀ (၆၁၂ မိုင်) အကွာအဝေးမှာရှိတဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ဆောက်လက်စ အထပ်မြင့်တိုက်တစ်လုံးကိုတောင် ပြိုကျသွား‌စေခဲ့ပါတယ်။

ဒီငလျင် ဘယ်လို ဖြစ်ပေါ်လာရလဲဆိုတာနဲ့ ဘာကြောင့်များ ဒီလောက်ဝေးတဲ့ နေရာ‌တွေအထိတောင် သက်ရောက်မှုတွေရှိစေခဲ့တာလဲဆိုတာကိုဖော်ပြသွားမှာဖြစ်ပါတယ်။

◼ ငလျင်လှုပ်ခတ်ရတဲ့အကြောင်းရင်း

ကမ္ဘာမြေရဲ့ အပေါ်ယံအလွှာကို Tectonic Plates လို့ခေါ်တဲ့ အမြဲမပြတ် ရွေ့လျားနေတဲ့ကျောက်ထုလွှာတွေနဲ့ဖွဲ့စည်းထားပါတယ်။ တချို့‌ကျောက်ထုလွှာတွေက ဘေးတိုက်ရွေ့လျားနေကြပြီး တချို့ကတော့ အထက်အောက်ရွေ့လျားနေကြတာမျိုးပါ။ ဒီရွေ့လျားမှုတွေကြောင့်ပဲ မြေငလျင်တွေနဲ့ မီးတောင်တွေဖြစ်ပေါ်လာရပါတယ်။

မြန်မာနိုင်ငံဟာ ယူရေးရှန်း ကျောက်ထုလွှာ (Eurasian plate)၊ အိန္ဒိယကျောက်ထုလွှာ(Indian plate)၊ ဆန်းဒါးကျောက်ထုလွှာ (Sunda plate) နဲ့ မြန်မာအသေးစားကျောက်ထုလွှာ (Burma microplate)တို့ ပေါင်းဆုံရာမှာတည်ရှိနေတဲ့အတွက် ကမ္ဘာပေါ်မှာငလျင်ကြုံတွေ့နိုင်ခြေမြင့်မားတဲ့နေရာတစ်ခုအဖြစ် သတ်မှတ်ခြင်းခံရပါတယ်။

ဟိမဝန္တာတောင်တန်းတွေဟာ Indian plate နဲ့ Eurasian plate တို့ တိုက်မိရာကနေဖြစ်ပေါ်လာခဲ့တာဖြစ်ပြီး 2004 ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဆူနာမီဟာလည်း Indian plate ဟာ Burma microplate ရဲ့အောက်ကို ချိုးဝင်ရွေ့လျားသွားခြင်းကြောင့် ဖြစ်ပေါ်ခဲ့ခြင်းပါပဲ။

ဒီ‌ကျောက်ထုလွှာတွေ ရွေ့လျားမှုကြောင့် faults လို့ခေါ်တဲ့ ပြတ်ရွေ့ကြောင်းတွေဖြစ်ပေါ်လာရပါတယ်။ ဒီ ပြတ်ရွေ့ကြောင်းတွေကြောင့်ပဲ ကျောက်ထုလွှာတွေဟာ တစ်ဖက်ကိုတစ်ဖက် လျှောသွားနိုင်တယ်လို့ Imperial College London က ပညာရှင် Dr Rebecca Bell ကဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ မြောက်ကနေတောင်ကို ဖြတ်သွားတဲ့ စစ်ကိုင်းပြတ်ရွေ့ကြောင်း(Sagainh fault) ဟာ ကီလိုမီတာ ၁၂၀၀ (၇၄၆ မိုင်)ကျော်ရှည်လျားပါတယ်။ သောကြာနေ့က ဖြစ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ ၇ ရစ်ချ်တာစကေး ရှိတဲ့ ငလျင်ကြီးကတော့ ကျောက်ထုလွှာတွေဟာ ဘေးတိုက်ရေပြင်ညီလျှောထွက်သွားတဲ့ ရွေ့လျားမှု အားကြောင့် ဖြစ်ပေါ်လာရတယ်လို့ သုံးသပ်ကြပါတယ်။ ဒီရွေ့လျားမှုဟာ စစ်ကိုင်းငလျင်ကြောမှာ ဖြစ်လေ့ရှိတဲ့ ရွေ့လျားမှုပုံစံမျိုးပါ။

ကျောက်ထုလွှာတွေဘေးတိုက် ရွေ့လျားတဲ့အချိန်မှာ တစ်ခုနဲ့တစ်ခုပွတ်တိုက်မိပြီး တင်းအားတွေ တဖြည်းဖြည်း တိုးလာပါတယ်။ ဒီတင်းအားတွေတဖြည်းဖြည်းများလာပြီး လွှတ်ထုတ်လိုက်တဲ့ စွမ်းအင်ကြောင့် ကမ္ဘာမြေမျက်နှာပြင်မှာငလျင်တွေဖြစ်ပေါ်လာရပါတယ်။

◼ ဘာကြောင့် အလွန်ဝေးကွာတဲ့နေရာတွေထိတောင် သက်ရောက်မှုတွေရှိစေခဲ့တာလဲ

ငလျင်တွေဟာ ကမ္ဘာမြေမျက်နှာပြင်အောက် ၇၀၀ ကီလိုမီတာ (၄၃၅ မိုင်) အထိဖြစ်ပေါ်နိုင်ပါတယ်။ အခုဖြစ်ခဲ့တဲ့ ငလျင်ကြီးကတော့ ကမ္ဘာမြေမျက်နှာပြင်ကနေ ၁၀ ကီလိုမီတာအကွာအဝေးမှာ ဖြစ်ပေါ်ခဲ့တဲ့အတွက် အတော်လေးတိမ်တယ်လို့ပြောလို့ရပါတယ်။ ဒါကြောင့် လှုပ်ခတ်မှုတွေအများကြီး ဖြစ်ပေါ်ခဲ့တာပါ။ ဒီငလျင်ကြီးဟာ မိုးမန့်စကေးလ်( Moment scale ) ၇ ဒသမ ၇အဆင့်ရှိတဲ့အတွက် ဟီရိုရှီမား (Hiroshima) ကိုကြဲချခဲ့တဲ့ အဏုမြူဗုံးထက်တောင် စွမ်းအားပြင်းတယ်လို့ အမေရိကန် ဘူမိဗေဒဆိုင်ရာ သုတေသနဌာနက ထုတ်ပြန်ပါတယ်။

“ငလျင်ရဲ့ပြင်းအားဟာ ငလျင်ကိုဖြစ်ပွားစေတဲ့ ပြတ်ရွေ့ကြောင်းတွေရဲ့ အမျိုးအစားအပေါ်မူတည်ပါတယ်။ ပြတ်ရွေ့ကြောင်းက တည့်တည့်ဖြစ်နေတယ်ဆိုရင် ငလျင်ဟာဧရိယာတော်တော်များများထိ ခရီးရောက်နိုင်ပြီး ပြတ်ရွေ့ကြောင်းရဲ့ ဧရိယာကျယ်လေလေ ငလျင်လည်း ကြီးလေပါ။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း မြန်မာနိုင်ငံမှာ ရစ်ချ်တာ စကေး ၇ နဲ့ အထက်ရှိတဲ့ ငလျင်ကြီးတွေ ၆ ကြိမ်လှုပ်ခဲ့တယ်။” လို့ Dr Bell ကပြောပြပါတယ်။

ဒီငလျင်ကြီးကို ဖြစ်ပေါ်စေခဲ့တဲ့ တည့်တည့်ဖြစ်တဲ့ ပြတ်ရွေ့ကြောင်းဟာ သူသွားတဲ့ခရီးမိုင်တစ်လျှောက်မှာ စွမ်းအင်တွေအများကြီး သယ်ဆောင်သွားပါတယ်။ တောင်ဘက်အရပ်ဆီ ကီလိုမီတာ ၁၂၀၀ အထိတာသွားပြီး ထိုင်းနိုင်ငံအထိရောက်ရှိသွားခြင်းဖြစ်ပါတယ်။

ငလျင်ရဲ့ သက်ရောက်မှုဟာ မြေအမျိုးအစားပေါ်မူတည်ပြီးတော့လည်း ကွဲပြားနိုင်ပါသေးတယ်။

ဘန်ကောက်မြို့တည်ရှိတဲ့ နေရာမျိုးမှာဆိုရင် မြေဆီလွှာဟာပျော့တဲ့အတွက် တုန်ခါမှုလှိုင်းတွေဟာ နှေးသွားပြီး အရွယ်အစားလည်းတိုးလာပါတယ်။ ဒါကြောင့် ဘန်ကောက်မြို့ရဲ့ဘူမိဗေဒအနေအထားဟာ မြေငလျင်လှုပ်ခတ်မှုကို ပိုပြီးပြင်းထန်စေတဲ့ သဘောရှိပါတယ်။

◼ ဘာကြောင့် ဘန်ကောက်မှာ မိုးမျှော်တိုက်တစ်ခုပဲ ပြိုကျသွားခဲ့ရတာလဲ

ငလျင်လှုပ်တဲ့အချိန် အပေါ်ဆုံးထပ်ရေကူးကန်ကနေ ရေတွေလျှံကျပြီး အထပ်မြင့်အဆောက်အအုံတွေ ယိမ်းခါနေတဲ့ရုပ်သံတွေ ထွက်ပေါ်ခဲ့ပေမယ့် ဘန်ကောက်မြို့ ချပ်ဒူချပ်ခရိုင်မှာရှိတဲ့ ဆောက်လုပ်ဆဲ စာရင်းစစ်ချုပ်ရုံး မိုးမျှော်တိုက်တစ်ခုပဲ ပြိုကျသွားခဲ့ပါတယ်။

၂၀၀၉ ခုနှစ်မတိုင်ခင်အထိ ဘန်ကောက်မြို့မှာ မြေငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အအုံတွေဆောက်လုပ်ဖို့အတွက် ပြည့်မှီတဲ့ စံချိန်စံညွှန်းတွေမရှိခဲ့ဘူးလို့ Imperial College London ရဲ့ မြေငလျင် အင်ဂျင်နီယာ ပါမောက္ခ Dr Christian Málaga-Chuquitaype ကပြောပြပါတယ်။

ဒါကြောင့် အဆောက်အအုံအဟောင်းတွေက ငလျင်ဒဏ်ကို ခံနိုင်ရည်ရှိမှုပိုပြီး အားနည်းနိုင်ပါတယ်။

ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အအုံတွေဆောက်လုပ်ဖို့က ပိုပြီးစရိတ်စကများတာရယ်၊ ထိုင်းနိုင်ငံက မြန်မာလိုမျိုး ငလျင်ဒဏ်မကြာခဏခံရတဲ့နိုင်ငံမဟုတ်တာရယ်ကြောင့် အဆောက်အအုံတွေဆောက်လုပ်ရာမှာ ငလျင်ဒဏ်ခံနိုင်ဖို့ စံချိန်စံညွှန်းတွေကို ထည့်သွင်းစဉ်းစားခြင်း မရှိခဲ့တာလည်းဖြစ်နိုင်ပါတယ်။

“ကယ်လီဖိုးနီးယား၊ ကနေဒါအနောက်ပိုင်း နဲ့ နယူဇီလန်နိုင်ငံတွေမှာလိုမျိုး အဆောက်အအုံအဟောင်းတွေကို ပိုမိုခိုင်ခံ့အောင် ပြုပြင်မွမ်းမံမှုတွေလုပ်သင့်တယ်”လို့ ကိန်းဘရစ်ချ် တက္ကသိုလ် ဆောက်လုပ်ရေးအင်ဂျင်နီယာ ပါမောက္ခ Dr Emily So ကမှတ်ချက်ချပါတယ်။

ထိုင်းနိုင်ငံရဲ့ တိုင်းဒေသကြီး ၄၃ ခုမှာ ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အအုံတွေဆောက်လုပ်ဖို့ စည်းမျဉ်းစည်းကမ်းတွေရှိပေမယ့် ငလျင်ဒဏ်ခံနိုင်တဲ့ အဆောင်အဦတွေဟာ တစ်ဆယ်ရာခိုင်နှုန်းအောက်သာရှိတယ်လို့ ထိုင်းနိုင်ငံအင်ဂျင်နီယာအသင်း ဥက္ကဌ Prof Amorn Pimarnmas ကပြောပါတယ်။

အခုပြိုကျသွားတဲ့အဆောက်အအုံဟာ အဆောက်အဦအသစ်တစ်ခုဖြစ်ပါတယ်။ ဆောက်လုပ်နေဆဲဖြစ်တဲ့အတွက် ဆောက်လုပ်ရေး စံချိန်၊စံနှုန်းတွေကို လိုက်နာရမှာပါ။

“ဘန်ကောက်မြို့ရဲ့ မြေဆီလွှာဟာပျော့တဲ့အတွက် ငလျင်ရဲ့ လှုပ်ခတ်မှုကို သုံးဆ (သို့မဟုတ်) လေးဆကျော် ပိုပြီးပြင်းထန်စေတာကလည်း ဒီအဆောက်အအုံကို ပြိုကျစေရခြင်းအကြောင်းရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တခြားသောဖြစ်နိုင်ခြေတွေလည်းရှိပါသေးတယ်။ ဆောက်လုပ်ရာမှာသုံးစွဲတဲ့ ပစ္စည်းတွေရဲ့ အရည်အသွေး နဲ့ တခြားသောအဆောက်အအုံရဲ့ ဖွဲ့စည်းမှုဆိုင်ရာအချိုးမညီမှုတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါတွေကိုတော့ သေသေချာချာ စုံစမ်းစစ်ဆေးဖို့ လိုပါတယ်။” လို့ Dr Pimarnmas ကပြောပါတယ်။

“အဆောက်အအုံပြိုကျတဲ့ ဗီဒီရိုဖိုင်ကိုကြည့်မယ်ဆိုရင် အများစုသုံးကြတဲ့ ကွန်ကရစ် ကြမ်းခင်းလောင်းတဲ့နည်းကို သုံးထားပုံပေါ်ပါတယ်။ ကြမ်းခင်းလောင်းနည်းဆိုတာ ကြမ်းခင်း ခင်းတဲ့နေရာမှာ ထုတ်တန်းတွေမခံဘဲ ကော်လံကနေတိုက်ရိုက်ချိတ်ပြီ အပြားလိုက် ဆလပ်လောင်းတဲ့ပုံစံပါ။ ခြေထောက်တွေနဲ့ပဲ စားပွဲတစ်ခုကိုထိန်းထားသလိုပါပဲ။ ဒီနည်းလမ်းမှာ ကုန်ကျစရိတ်သက်သာပြီးတခြားဒီဇိုင်းပိုင်းတွေမှာကောင်းကျိုးတွေရှိပေမယ့် ငလျင်လှုပ်တဲ့အချိန်မှာ ပြိုကျပျက်စီးလွယ်တဲ့အတွက် ငလျင်အဖြစ်များတဲ့ဒေသတွေမှာတော့ သုံးဖို့မသင့်လျော်ပါဘူး။ ” လို့ Dr Málaga-Chuquitaype ကရှင်းပြပါတယ်။

◼ မြန်မာနိုင်ငံမှာရှိတဲ့ အဆောက်အအုံတွေရဲ့ အခြေအနေ

မြန်မာနိုင်ငံက မန္တလေးမြို့ဟာ ငလျင်ပြတ်ရွေ့ကြောနဲ့ ပိုနီးတဲ့အတွက် ငလျင်လှုပ်ခတ်မှုဒဏ်ကို အများကြီးပိုခံရပါတယ်။

မြန်မာနိုင်ငံဟာ ငလျင်လှုပ်ခတ်မှုမကြာခဏခံရပေမယ့် အဆောက်အအုံတွေဆောက်လုပ်ရာမှာတော့ ငလျင်ဒဏ်ကိုခံနိုင်ရည်ရှိအောင် ဆောက်လုပ်ထားတာမရှိနိုင်ဘူးလို့ Royal Holloway တက္ကသိုလ် ကမ္ဘာမြေသိပ္ပံဌာန မဟာသင်ကြားရေးမှူး Dr. Ian Watkinson ကယူဆပါတယ်။

“ဆင်းရဲနွမ်းပါးမှု၊ နိုင်ငံရေးအကျပ်အတည်း နဲ့ ၂၀၀၄ ခုနှစ် ဆူနာမီလိုမျိုးအခြားသော ဘေးအန္တရာယ်ကြုံတွေ့ရမှုတွေကြောင့် ငလျင်ကဲ့သို့ မမျှော်မှန်းနိုင်တဲ့ဘေးအန္တာရာယ်တွေကိုထည့်တွက်ဖို့ ဦးစားမပေးနိုင်ခြင်းဖြစ်တယ်” လို့သူက ဆက်ပြောပါတယ်။

ဒါကြောင့်ပဲ အဆောက်အအုံဒီဇိုင်း ဥပဒေတွေကိုမလိုက်နာတာမျိုးတွေ၊ ရေကြီးရေလျှံနိုင်တဲ့ ဒေသတွေနဲ့ တောင်ကုန်းမြင့်ဒေသတွေလိုမျိုး သဘာဝဘေးမန္တရာယ်ခံရနိုင်ခြေများတဲ့ နေရာတွေမှာ ဆောက်လုပ်ရေးလုပ်တာမျိုးတွေ အများအပြားရှိနေတာပါ။

မန္တာလေးမြို့ရဲ့ တချို့နေရာတွေနဲ့ အဆောက်အအုံတွေဟာ ဧရာဝတီမြစ်ရဲ့ ရေလွှမ်းဒေသတစ်လျှောက်မှာ တည်ရှိပါတယ်။ ဒါကြောင့် ငလျင်လှုပ်တဲ့အချိန်မှာ ပျော့နေတဲ့မြေဆီလွှာဟာ အရည်အဖြစ်ပြောင်းသွားပြီး အဆောက်အအုံတွေဟာလည်း ထိခိုက်ပျက်စီးလွယ်ပါတယ်။

ငလျင်လှုပ်တဲ့အချိန်မှာ ရေဓာတ်ပါဝင်မှုများတဲ့ မြေဆီလွှာဟာ နုန်းမြေလိုဖြစ်သွားပြီး မာကြောမှုလျော့နည်းသွားတဲ့အတွက် အရည်လိုဖြစ်သွားပါတယ်။ ဒါကြောင့် မြေကြီးဟာ အဆောက်အအုံတွေကို တောင့်ခံမထားနိုင်တော့ပဲ မြေပြိုခြင်းနဲ့ အဆောက်အအုံပျက်စီးခြင်းတွေကို ပိုဖြစ်စေပါတယ်။

“ငလျင်ကြီးလှုပ်ခတ်ပြီးချိန်မှာ နောက်ဆက်တွဲငလျင်တွေ ဆက်လာနိုင်တဲ့အတွက် ပြတ်ရွေ့ကြောအနီးမှာရှိတဲ့ အဆောက်အအုံတွေဟာ နောက်ထပ်ထိခိုက်နိုင်ခြေတွေရှိပါတယ်။ နောက်ဆက်တွဲငလျင်တွေဟာ ငလျင်ကြီးထက်သေးငယ်ပြီး အရွယ်အစားနဲ့ ကြိမ်နှုန်းလည်း တဖြည်းဖြည်းလျော့နည်းသွားတယ်” လို့ Dr So ကသတိပေးထားပါတယ်။

( BBC အင်္ဂလိပ်ပိုင်းက ဆောင်းပါးရှင် Esme Stallard နဲ့ Vicky Wong တို့ရေးသားထားတဲ့ What caused the Myanmar earthquake – and why did it make a tower in Bangkok collapse? ကို မြန်မာစာဖတ်သူတွေ သတတိပြုမိစေဖို့ ဘာသာပြန်ဖော်ပြလိုက်ပါတယ်)

ဘာသာပြန်သူ - မယ်ငြိမ်း

(ယခုဘာသာပြန်ဆောင်းပါးကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်း တို့ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times