စစ်အာဏာသိမ်းထားတဲ့ ၂နှစ်အတွင်း ကော်သူးလေအုပ်ချုပ်‌နယ်မြေတွေမှာ တိုက်ပွဲ အကြိမ် ၇ထောင်ကျော် ဖြစ်ပွါးခဲ့ ၊ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ သေဆုံးခဲ့တဲ့ အရပ်သား ၁၂၀ ဦးရှိ

စစ်အာဏာသိမ်းထားတဲ့ ၂နှစ်အတွင်း ကော်သူးလေအုပ်ချုပ်‌နယ်မြေတွေမှာ တိုက်ပွဲ အကြိမ် ၇ထောင်ကျော် ဖြစ်ပွါးခဲ့ ၊ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ သေဆုံးခဲ့တဲ့ အရပ်သား ၁၂၀ ဦးရှိ

ပုံစာ - စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်ကျလို့ ထိခိုက်ခဲ့တဲ့ အိမ်တွေနဲ့ လက်နက်ကြီးကျည်ထိလို့ သေဆုံးခဲ့တဲ့ ပြည်သူ အရေအတွက်ဟာ ၂ နှစ်အတွင်းမှာ ရာကျော် ရှိပါတယ်။

စစ်အာဏာသိမ်းခဲ့တဲ့ ၂ နှစ်အတွင်း KNU ရဲ့ကော်သူးလေအုပ်ချုပ်နယ်မြေမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ၇၀၀၀ ကျော်ဖြစ်ပွါးခဲ့တယ်လို့ KNU ဗဟိုက ဒီကနေ့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်က အာဏာစသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့အတွင်း တိုက်ပွဲ ၇,၅၈၇ ကြိမ်ဖြစ်ပွားခဲ့ပြီး ပြည်သူပေါင်း ၃၆၅၁၈၇ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ ထုတ်ပြန်ချက် အစီရင်ခံစာမှာ ရေးသားထားပါတယ်။

မြေပြင်တိုက်ပွဲတွေအပြင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၂၃၀ ပြုလုပ်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုကြောင့် လူနေအိမ် ၁၈၃ လုံးပျက်စီးခဲ့ကာ အရပ်သား ၂၂ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်နက်ကြီးနဲ့ပစ်ခတ်မှု ၇၅၈ ကြိမ်‌အထိရှိခဲ့ပြီး အဲဒီပစ်ခတ်မှုကြောင့် လူနေအိမ် ၂၂၇ လုံး ပျက်စီးခဲ့ကာ အရပ်သား ၁၂၀ ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်အစီရင်ခံထားပါတယ်။

အဆိုပါအကြမ်းဖက်လုပ်ရပ်တွေအပြင် အရပ်သားတွေကို အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်တာ၊ ညှင်းပန်းနှိပ်စက်တာ၊ အရပ်သားတွေဆီကနေ ငွေကြေးတောင်းခံတာ၊ လူသားဒိုင်းကာအနေနဲ့အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်တာတွေ၊ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ အိမ်တွေဆီကနေ ပစ္စည်းတွေ ခိုးယူတာ စတဲ့ လူ့အခွင်းအရေးချိုးဖောက်တဲ့ ကိစ္စတွေကိုလည်း လုပ်ဆောင်ခဲ့တယ်လို့ ဆိုထားပါတယ်။

အဆိုပါ အကြမ်းဖက်လုပ်ရပ်တွေအပြင် ဖြတ်လေးဖြတ်ဗျူဟာကိုလည်း တင်းတင်းကြပ်ကြပ်လုပ်ခဲ့ပြီး ဒီမိုကရေစီလုပ်ရှားသူတွေအပါအဝင် ပြည်သူလူထုကိုပါ တိုက်ခိုက်ခဲ့တယ်လို့ ‌အစီရင်ခံရေးထားပါတယ်။

KNU အထွေထွေ အတွင်းရေးမှူး -၂ ပဒိုစောလှထွန်းက ” ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်းမှာနေထိုင်နေတဲ့ ပြည်သူတွေအပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးကပြည်သူတွေ နေ့စဉ်နဲ့အမျှ ရင်ဆိုင်ကြုံတွေ့နေတဲ့ အကြမ်းဖက် သတ်ဖြတ်ခံရမှုတွေ၊ လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်းတွေဟာ အရေးပေါ်အခြေအနေကိုရောက်ရှိနေတယ်ဆိုတာရယ်၊ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေအမြန်ဆုံးလိုအပ်နေတယ်ဆိုတာကို အဓိက မီးမောင်းထိုးပြလိုက်တာ ဖြစ်တယ်” လို့ ပြောပါတယ်။

ပစ်မှတ်ထားတိုက်ခိုက်တဲ့ တိုက်ခိုက်မှုတွေဟာ စစ်ရာဇဝတ်မှုမြောက်တဲ့လုပ်ရပ်တွေအတွက် မြန်မာစစ်တပ်က တာဝန်ခံစေရမယ်လို့လည်း ဆက်လက်ပြောဆိုခဲ့ပါတယ်။

နှစ်နှစ်တာအတွင်း စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို စုစည်းတင်ပြထားတဲ့ ကိန်းဂဏန်းတွေဟာ KNUအုပ်ချုပ်နယ်မြေအတွင်းမှာရှိတဲ့ ခရိုင်၊ မြို့နယ်၊ ကျေးရွာအုပ်စုအဆင့် KNUအရာရှိ၊ ဝန်ထမ်းတွေကတဆင့်ပေးပို့လာတဲ့ အချက်လက်တွေ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဗဟိုဌာနချုပ်ကနေ့စဉ်ပြုစုထားတဲ့ မှတ်တမ်းတွေ၊ ကရင့်အရပ်ဖက်အဖွဲ့အစည်းတွေကတဆင့်ပေးပို့လာတဲ့ အချက်အလက်တွေနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရသူတွေရဲ့ အင်တာဗျူးဖြေဆိုချက်တွေကို အခြေခံပြီး စုစည်းထားတာဖြစ်တယ်လို့ အသိပေးထားပါတယ်။

KNU ဗဟိုက ထုတ်ပြန်တဲ့ အစီရင်ခံစာကို ” မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုများကြောင့် ရှင်သန်မှုပျောက်ဆုံးနေသော လူသားဘဝများ ” လို့ အမည်ပေးထားပါတယ်။

The Tanintharyi Times