အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး စစ်ကောင်စီ ကိုယ်စားလှယ် တက်ရောက်

အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး စစ်ကောင်စီ ကိုယ်စားလှယ် တက်ရောက်

(ပုံစာ - အာဆီယံ အစည်းအဝေးတက်ရောက်နေတဲ့ စစ်ကောင်စီ ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်က နိုင်ငံတကာဆက်ဆံရေးဌာန ညွှန်ကြားရေးမှူးချုပ် ဇော်နိုင်ဝင်း)

လာအိုနိုင်ငံ မှာ ဒီကနေ့ ကျင်းပတဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး ကို မြန်မာစစ်တပ် က အကြီးတန်းအရာရှိတစ်ဦး တက်ရောက်ခဲ့တယ်လို့ ဂျပန် အခြေစိုက် Kyodo News သတင်းဌာန ကဖော်ပြထားပါတယ်။

လာအို နိုင်ငံမှာ မတ်လ ၅ ရက်နေ့ (အင်္ဂါနေ့ ) က ကျင်းပတဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး ကို မြန်မာစစ်တပ်က အရာရှိတစ်ဦး တက်ရောက်ခဲ့တယ်လို့ ထိုင်းကာကွယ်ရေး ဆုတင် ကလန်ဆန် က Kyodo News ကို အတည်ပြုပြောကြားခဲ့ပါတယ်။

အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်ခဲ့တဲ့ မြန်မာ စစ်တပ်အရာရရှိဟာ ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်က နိုင်ငံတကာဆက်ဆံရေးဌာန ရဲ့ ညွှန်ကြားရေးမှူးချုပ် ဇော်နိုင်ဝင်း ဖြစ်တယ်လို့ သိရပါတယ်။

ခုလို စည်းဝေးတက်ရောက်လာတာဟာ မြန်မာ စစ်တပ် အနေနဲ့ ဒေသတွင်း အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်လိုတဲ့ လက္ခဏာဖြစ်တယ်လို့ လည်း ထိုင်းကာကွယ်ရေး ကြီး ဆုတင် က ပြောပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် ကိုအကောင်အထည်ဖော်ဖို့ နဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ အတွက် နီးကပ်လာတဲ့ သဘောဆောင်တယ်လို့ လည်း ထိုင်း ကာကွယ်ရေးဝန်ကြီး ဆုတင် ကလန်ဆန် ကဆိုပါတယ်။

မြန်မာစစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်းမှာ အာဆီယံ ထိပ်သီးအစည်းအဝေး နဲ့ ဝန်ကြီးအဆင့် အစည်းဝေးတွေ ကို မြန်မာနိုင်ငံ က နိုင်ငံရေး ရာထူး မယူထားတဲ့ ကိုယ်စားလှယ်သာတက်ရောက်ခွင့် ပြုမယ်လို့ အာဆီယံ ကကြေညာခဲ့ပါတယ်။

ဒါ့အပြင် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်က ဖမ်းဆီးထားတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံးကို ပြန်လွတ်ပေးဖို့ အချက်ပါဝင်တဲ့ အာဆီယံ သဘောတူညီချက် (၅) ကို ထုတ်ပြန်ခဲ့ပါတယ်။

အာဆီယံ ရဲ့ ဆုံးဖြတ်ချက်ကို စစ်ကောင်စီ ခေါင်းဆောင်မင်းအောင်လှိုင် က ပယ်ချခဲ့ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလ က စတင်ကာ အာဆီယံ အစည်းအဝေးတွေကို ကိုယ်စားလှယ် စေလွှတ်ခြင်းမရှိဘဲ သပိတ်မှောက်ခဲ့ပါတယ်။

သို့သော်လည်း စစ်ရေး သံတမန်ရေး တွေမှာ အဘက်ဘက်က ရှုံးနိမ့် လာတဲ့ မင်းအောင်လှိုင် နဲ့ စစ်အုပ်စု ဟာ ၂၀၂၄ ခုနှစ် ဇန်န၀ါရီလ ၂၉ ရက် မှာကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီး အစည်းအဝေးကိုတော့ ကိုယ်စားလှယ်ဦး ပြန်လည်စေလွှတ်ခဲ့ပါတယ်။

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီး အစည်းအဝေးကို စစ်ကောင်စီ ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါ်မလာသန်းထိုက် က တက်ရောက်ခဲ့တာဖြစ်ပါတယ်။

မတ်လ ၅ ရက်နေ့မှာကျင်းပနေတဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကိုတော့ ကာကွယ်ရေး ဝန်ကြီးဌာန က ညွှန်ကြားရေးမှူးချုပ် တစ်ဦးဖြစ်တဲ့ ဇော်နိုင်ဝင်း ကတက်ရောက်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ က ကာကွယ်ရေးဝန်ကြီးဌာန ဟာ စစ်ဘက်ဆိုင်ရာ ထိပ်တန်း အရာရှိတွေကို ခန့်ထားတဲ့ ဌာန လည်းဖြစ်ပါတယ်။

ဒီအစည်းအဝေးကို ထိုင်း၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ နဲ့ ဗီယက်နမ်တို့ က ကာကွယ်ရေး ဝန်ကြီးတွေ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံကတော့ စစ်ဘက် ဆိုင်ရာ ကိုယ်စားလှယ် အရာရှိတစ်ဦး တက်ရောက်ခဲ့တာဖြစ်ပါတယ်။

The Tanintharyi Times