တော်လှန်ရေးနဲ့ဆိုင်တဲ့အချက်လက်တွေကို ဖုန်းထဲမသိမ်းထားဖို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေတိုက်တွန်း
တော်လှန်ရေးနဲ့ဆိုင်တဲ့အချက်လက်တွေကို ဖုန်းထဲမသိမ်းထားဖို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေတိုက်တွန်း
ပြည်သူတွေအနေနဲ့ တော်လှန်ရေးနဲ့ပတ်သက်တဲ့အချက်အလက်တွေကို ဖုန်းတွေထဲမသိမ်းထားဖို့နဲ့ အပြင်သွားရင်ဖုန်းမယူသွားကြဖို့ တနင်္သာရီမြို့နယ်က တော်လှန်ရေးအင်အားစုတွေကတိုက်တွန်းလိုက်ပါတယ်။
စစ်အုပ်ချုပ်ရေးဒေသဖြစ်တဲ့ တနင်္သာရီမြို့နယ်မှာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်းပြည်သူအများအပြားဖမ်းဆီးခံရပြီး တော်လှန်ရေးမှာ ပါဝင်နေတဲ့သူတွေနဲ့ စကားပြောထားတာတွေ၊ ငွေလှူထားတဲ့မှတ်တမ်းတွေကို ဖုန်းထဲတွေ့ လို့ အဖမ်းခံရသူ အများဆုံးပါဝင်နေတယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
“အခုဖမ်းဆီးခံရတာတွေက ဒလန်က သတင်းပေးလို့ဆိုတာထက် ဒီဖက်က အလှူငွေလက်ခံတဲ့သူနဲ့ လှူတဲ့သူတွေက စာတွေ၊ ဓာတ်ပုံတွေ ပြောရရင်ရှိရှိသမျှသက်သေတွေ မရှင်းထားလို့။ လုံခြုံရေးပေါ့ဆလို့ အဖမ်းခံရတာများတယ်” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကပြောပါတယ်။
လွတ်မြောက်နယ်မြေနဲ့ ပြည်ပကနေပြီး အလှူခံနေတဲ့သူနဲ့ လှူနေတဲ့သူတွေက လုံခြုံရေးအရ စိတ်ချရတဲ့ အနေအထားမှာရှိပေမယ့် အဲဒီနေရာ နှစ်ခုစလုံးမှာ မရှိနေတဲ့ ပြည်သူလူထုတွေအနေနဲ့ လုံခြုံရေးကို အထူးဂရုစိုက်သင့်တယ်လို့ သူကဆိုပါတယ်။
တနင်္သာရီမြို့နယ်မှာ ပြီးခဲတဲ့ဖေဖော်ဝါရီ ၂၆ ရက်ကစပြီး မြို့ပေါ်က အရပ်သား ၁၀ ဦးခန့်ကို စတင်ဖမ်းဆီးခဲ့ပါတယ်။
အဲဒီကနေတစ်ဆင့် တနင်္သာရီမြို့နဲ့ အနီးတစ်ဝိုက်မှာရှိတဲ့ လယ်တောင်ရွာနေဒေသခံတချို့လည်း ဖမ်းဆီးခံခဲ့ရပြီး စစ်တပ်ကဖမ်းဆီးထားတဲ့ ဒေသခံ ၃၀ ကျော်ရှိနေပါပြီ။
အဲဒီ ၃၀ ကျော်ထဲက တချို့ဒေသခံတွေဟာ အပြင်ထွက်ရင်း ဂိတ်တွေမှာ ဖုန်းစစ်ခံရပြီး အဲဒီဖုန်းထဲမှာ တော်လှန်ရေးအတွင်း ပါဝင်တ်သက်နေသူတွေနဲ့ စကားပြောထားတဲ့ မက်ဆေ့တွေကြောင့် အဖမ်းခံရတာတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။
အဲဒီသက်သေတွေကတဆင့် စစ်တပ်ရဲ့ စုံစမ်းစစ်ဆေးရေးတွေဘက်ကနေ တောက်လျှောက်လိုက်ဖမ်းတာဖြစ်တယ်လို့သိရပါတယ်။
နောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း “ခရီးသွားလာလှုပ်ရှားမယ်ဆိုရင် ကိုယ့်ဖက်က လုံးဝ လုံခြုံနေမှ သွားသင့်တယ်။ ကိုယ့်ဘက်က မလုံခြုံပဲ ခရီးသွားလို့ ဖမ်းမိတာတို့၊ တစ်ခုခုမေ့ပျောက်တာတို့၊ ကျန်ခဲ့တာတို့ဖြစ်သွားရင် ကိုယ့်တစ်ယောက်တည်းမဟုတ်ဘူး။ ကျန်သူတွေပါ ထိခိုက်နစ်နာ ရတယ်ဆိုတာကိုလည်း သတိထားသင့်တယ်။ တော်လှန်ရေးကာလမှာ ကိုယ့်ကြောင့်သူများဒုက္ခရောက်သွားမယ်ဆိုတာကို အမြဲခေါင်းထဲမှာတွေးထားသင့်တယ်။” လို့ ဆိုပါတယ်။
တနင်္သာရီမြို့နယ်က ဖမ်းဆီးခံခဲ့ရတဲ့ ဒေသခံတွေဟာ စစ်ကောင်စီကဖွင့်ထားတဲ့ စာသင်ကျောင်းတွေမှာစာသင်နေတဲ့ ဆရာမတွေပါဝင်ပြီး တချို့ဒေသခံတွေကလည်း ငွေအင်အားတောင့်တင်း သူတွေဖြစ်တယ်လို့ သိရပါတယ်။
အလားတူ ရေဖြူမြို့နယ် ကံပေါက်တိုက်နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ မမီးသက်ဟာလည်း ဖုန်းထဲမှာ ငွေလှူထားတဲ့ ဂုဏ်ပြုမှတ်တမ်းလွှာတွေ့လို့ဆိုပြီး ဒီကနေ့အထိပြန်မလွတ်သေးဘဲ ရေဖြူမြို့နယ် ရဲစခန်းမှာ ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။
The Tanintharyi Times
