တရုတ် ထောက်လှမ်းရေး မိုးပျံပူဖောင်းကို အမေရိကန် ပစ်ချ

တရုတ် ထောက်လှမ်းရေး မိုးပျံပူဖောင်းကို အမေရိကန် ပစ်ချ

ပြီးခဲ့တဲ့ စနေနေ့က တောင်ကယ်ရိုလိုင်းနား ကမ်းရိုးတန်းအထက်မှာ တရုတ်သူလျှိုလို့ သံသယရှိနိုင်တဲ့ မိုးပျံပူဖောင်းတစ်ခုကို အမေရိကန်စစ်ဘက်တိုက်လေယာဉ်တစ်စင်းက ပစ်ချလိုက်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

အဆိုပါ သံသယဖြစ်ဖွယ် မိုးပျံပူဖောင်းဟာ အမေရိကန် လေပိုင်နက်ထဲကို ဝင်ရောက်လာတာ တစ်ပတ်ခန့် ကြာမြင့်နေပြီ ဖြစ်သလို ပြည်သူအတော်များများလည်း အံ့အားသင့်ခဲ့ရပြီး ယခုအဖြစ်အပျက်ဟာ တရုတ်-အမေရိကန် ဆက်ဆံရေးကို ပိုဆိုးရွားသွားစေမယ်လို့ ခန့်မှန်းကြပါတယ်။

သမ္မတ ဂျိုးဘိုင်ဒင်က ဗုဒ္ဓဟူးနေ့ကတည်းက ပစ်မိန့်ထုတ်ခဲ့ပေမယ့် မြေပြင်ပေါ်က ပြည်သူလူထုကို ထိခိုက်မှုမရှိစေရန် အဆိုပါ ပူဖောင်း ရေပြင်အထက်ကို ရောက်တဲ့အချိန်အထိ စောင့်ဆိုင်းဖို့ ပင်တဂွန်က အကြံပြုခဲ့တယ်လို့ ဆိုပါတယ်။

“ဒီဟာကို ‌အောင်အောင်မြင်မြင် ပစ်ချလိုက်ပါပြီ။ အခုလို စွမ်းဆောင်ပေးခဲ့တဲ့ လေကြောင်းဆိုင်ရာ တာဝန်ရှိသူတွေကို ချီးကျူးဂုဏ်ပြုပါတယ်” လို့ ဘိုင်ဒင်က ပြောကြားခဲ့ပါတယ်။

တရုတ်က ၎င်းတို့ရဲ့ မိုးလေဝသနဲ့ အခြားသော ဝေဟင်ဆိုင်ရာ သိပ္ပံနည်းပညာတွေအတွက် ရည်ရွယ်လုပ်ကိုင်နေတဲ့ မိုးပျံပူးဖောင်းဟာ အမေရိကန်လေပိုက်နက်ထဲသို့ “မတော်တဆ လမ်းလွဲသွားခြင်း” ကို ယခုလို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်တဲ့အတွက် ပြင်းပြင်ထန်ထန် ရှုတ်ချကြောင်း ဖော်ပြခဲ့ပါတယ်။ အမေရိကန် တာဝန်ရှိသူတွေကတော့ အဆိုပါ အကြောင်းပြချက်ကို ပြတ်ပြတ်သားသား ပယ်ချခဲ့ပါတယ်။

တရုတ်ရဲ့ အမေရိကန်လေပိုင်နက်ထဲသို့ “လုံးဝ မတော်တဆ လမ်းလွဲသွားခြင်း” ဟူသော ပြောဆိုချက်ကို အမေရိကန် တာဝန်ရှိသူများက ပြတ်ပြတ်သားသား ပယ်ချခဲ့သည်။

အဆိုပါ မိုးပျံပူဖောင်းကို အတ္တလန္တိတ်သမုဒ္ဒရာရဲ့ ရေတိမ်ပိုင်းနေရာတစ်ခုဖြစ်တဲ့ အမေရိကန်ကမ်းရိုးတန်းကနေ ရေမိုင်ခြောက်မိုင်ခန့်မှာ ပစ်ချနိုင်ခဲ့တာဖြစ်ပြီး အစိတ်အပိုင်းတွေကို ပြန်လည် ဆယ်ယူပြီး စစ်ဆေးနိုင်ဖို့ ကြိုးပမ်းသွာမယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ဆိုပါတယ်။

အဆိုပါ မစ်ရှင်အတွက် တောင်ကယ်ရိုလိုင်းနားရှိ Wilmington၊ Myrtle Beach နဲ့ Charleston လေဆိပ် (၃) ခုရဲ့ လေယာဉ် အဝင်အထွက်တွေကို ယာယီ ရပ်ဆိုင်းထားခဲ့ရပြီး စနေနေ့ မွန်းလွဲပိုင်းမှ လေကြောင်းခရီးစဉ်တွေ ပြန်လည်စတင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ မိုးပျံပူဖောင်းဟာ ဇန်နဝါရီ ၂၈ ရက်နေ့မှာ အလက်စကာရှိ အမေရိကန်လေပိုင်နက်အတွင်းကို စတင်ဝင်ရောက်ခဲ့ပြီး ဇန်န၀ါရီ ၃၀ ရက်နေ့မှာ ကနေဒါလေပိုင်နက်ဆီ ရွေ့လျားသွားခဲ့တာပါ။ ထိုမှတဖန် ဇန်နဝါရီ ၃၁ ရက်နေ့မှာ အိုင်ဒါဟိုမြောက်ပိုင်းရှိ အမေရိကန်လေပိုင်နက်အတွင်းကို ပြန်လည်ဝင်ရောက်ခဲ့တာလို့ အမေရိကန်ကာကွယ်ရေးအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

“ပြီးခဲ့တဲ့ နှစ်အတော်များများမှာ အရှေ့အာရှ၊ တောင်အာရှနဲ့ ဥရောပအပါအဝင် တိုက်ကြီးငါးခုပေါ်မှာ တရုတ်မိုးပျံပူဖောင်းတွေကို လွှတ်တက်ထားတာမို့ တရုတ်ရဲ့ ဒီလိုလုပ်ရပ်မျိုးကို အရင်ကလည်း ကြုံဖူးပြီးသားလို့ ပြောနိုင်တာပေါ့” လို့ အမေရိကန်အရာရှိက ဆိုပါတယ်။

Connect Burma

Ref: ရိုက်တ

The Tanintharyi Times