ရန်ကုန်-ကော့သောင်းလေယာဥ်လက်မှတ်ခ ကျပ်ရှစ်သိန်းအထိဈေးတက်

ရန်ကုန်-ကော့သောင်းလေယာဥ်လက်မှတ်ခ ကျပ်ရှစ်သိန်းအထိဈေးတက်

ပုံစာ - ကော့သောင်းမြို့လေဆိပ် (ပုံဟောင်း)

အခုနှစ်ဆန်းပိုင်းမှာ ရန်ကုန်-ကော့သောင်း လေယာဥ်လက်မှတ်ဈေးနှုန်း ကျပ်ရှစ်သိန်းအထိ ဈေးနှုန်းမြင့်တက်သွားတယ်လို့ ဒေသတွင်း လေယာဥ်လက်မှတ်အရောင်းဌာနတွေကနေ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်အထိ ရန်ကုန်-ကော့သောင်းလေယာဥ်လက်မှတ်ခ ၇၉၀,၀၀၀ ကျပ်မှာ ရှိခဲ့တာြဖစ်ပြီး ၂၀၂၅ ၊ ဇန်နဝါရီ ၁ ရက်နေ့မှာ ၈၀၀,၀၀၀ ကျပ်အထိ ဈေးတက်သွားတာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကတော့ ရန်ကုန်-ကော့သောင်းလေယာဥ်လက်မှတ်ခက ၄၅၀,၀၀၀ ကျပ် ရှိခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ဧပြီလမှာ ၅၀၀,၀၀၀ ကျပ်အထက်ကို ဈေးတက်သွားခဲ့ပြီး မေလမှာ ၆၀၀,၀၀၀ ကျပ်နဲ့အထက်၊ ဩဂုတ်လမှာ ၇၀၀,၀၀၀ ကျပ်နဲ့အထက်ကို ဈေးဆက်တိုက်မြင့်တက်ခဲ့တာဖြစ်ပြီး ၂၀၂၅ နှစ်စမှာတော့ ကျပ်ရှစ်သိန်းအထိထပ်မံမြင့်တက်ခဲ့တာပါ။

“ ပြီးခဲ့တဲ့နှစ်ကစပြီး ဈေးတောက်လျှောက်တက်တယ်။ ဈေးနှုန်းအပြောင်းအလဲလည်း အရမ်းမြန်တယ်” လို့ ကော့သောင်းမြို့အခြေစိုက် လေယာဥ်လက်မှတ် အရောင်းဌာနတစ်ခုရဲ့ ဝန်ထမ်းက ပြောပါတယ်။

အခုလိုမျိုး ရန်ကုန်-ကော့သောင်းလေယာဥ်လက်မှတ်ဈေးနှုန်းက ကျပ်ရှစ်သိန်းအထိ မြင့်တက်နေပေမဲ့ ဇန်ဝါရီလကုန်အထိ လေယာဥ်လက်မှတ်တွေကတော့ ရောင်းထွက်သွားပြီ ဖြစ်တယ်လို့လည်း အရောင်းဌာနတွေက ဆိုပါတယ်။

အခုလထဲ ရန်ကုန်-ကော့သောင်းလေကြောင်းခရီးစဥ်တွေကို မြန်မာအမျိုးသားလေကြောင်းလိုင်းနဲ့ အဲကမ္ဘောဇလေကောင်းလိုင်းတို့ကနေ တစ်ပတ်ကိုနှစ်ရက်နှုန်းနဲ့ ပြေးဆွဲပေးနေတာပါ။

“ တိုက်ပွဲတွေကြောင့် လမ်းတွေတောက်လျှောက်ပိတ်နေတော့ တတ်နိုင်သူရော၊ မတတ်နိုင်တဲ့သူရော ကိုယ့်အသက်အန္တရာယ်ထက် ပိုက်ဆံပဲ မရှိရှိတာထုတ်ကြတယ်” လို့ ဒေသတွင်း လေယာဥ်လက်မှတ်အရောင်းဌာနတစ်ခုရဲ့ ကိုယ်စားလှယ်က ပြောပါတယ်။

ကော့သောင်းမြို့ခံအချို့ကတော့ ကျန်းမာရေးနဲ့ အရေးပေါ်ကိစ္စတွေအတွက် လေယာဥ်နဲ့သွားလာဖို့က ခက်ခဲသွားပြီဖြစ်တယ်လို့ ဆိုကြပါတယ်။

“အရေးရယ်၊ အကြောင်းရယ် ကျန်းမာရေးအတွက် သွားချင်လာချင်ရင်တောင် လေယာဥ်နဲ့ သွားဖို့က တော်တော့်ကို စဥ်းစားရတော့မယ်။ ရှစ်သိန်းဆိုတဲ့ ပမာဏကနည်းတာမဟုတ်ဘူးလေ” လို့ လူလတ်တန်းစား ကော့သောင်းမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ရန်ကုန်-ကော့သောင်းလေယာဥ်လက်မှတ်အပြင် ရန်ကုန်-မြိတ်နဲ့ ရန်ကုန်-ထားဝယ် လေကြောင်းခရီးစဥ်တွေလည်း ဈေးနှုန်းမြင့်တက်နေတယ်လို့ လက်မှတ်အရောင်းဌာနတွေဆီက သိရပါတယ်။

လက်ရှိ ရန်ကုန်-မြိတ် လေယာဥ်လက်မှတ်ဈေးနှုန်းက ၄၆၅,၀၀၀ ကျပ်ရှိခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၄၊ ဒီဇင်ဘာလကတော့ ၄၃၀,၀၀၀ ကျပ်ဝန်းကျင်မှာရှိခဲ့ပါတယ်။

ရန်ကုန်-ထားဝယ် လေယာဥ◌်လက်မှတ် လက်ရှိဈေးနှုန်းကတော့ ၃၁၆,၀၀၀ ကျပ်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ၂၉၀,၀၀၀ ကျပ်ဝန်းကျင်မှာ ရှိခဲ့ပါတယ်။

The Tanintharyi Times