တိုက်ပွဲဖြစ်နေလို့ ထားဝယ်-ထီးခီးကားလမ်းပိုင်းကို ညပိုင်းအသုံးမပြုဖို့ ကော်သူးလေတပ်မတော်သတိပေး

တိုက်ပွဲဖြစ်နေလို့ ထားဝယ်-ထီးခီးကားလမ်းပိုင်းကို ညပိုင်းအသုံးမပြုဖို့ ကော်သူးလေတပ်မတော်သတိပေး

ပုံစာ - ထားဝယ်-ထီးခီးလမ်းပေါ်က စစ်ကောင်စီတပ်သားတွေ (ပုံဟောင်း)

စစ်ကောင်စီစစ်ကြောင်းနဲ့ ကော်သူးလေတပ်မတော် KTLAတို့ဟာ ထားဝယ်-ထီးခီးလမ်းပိုင်းမှာ တိုက်ပွဲဖြစ်ပွါးနေလို့ အရပ်သားတွေ ညဘက်အချိန် ဖြတ်သန်းသွားလာတာမျိုး မလုပ်ဖို့ စာထုတ်ပြန်သတိပေးထားတာ ရှိပါတယ်။

ထားဝယ်-ထီးခီးလမ်းပိုင်းကို ည ၆နာရီကနေ မနက် ၆ နာရီအထိ တစ်ပတ်အသုံးမပြုကြဖို့ ကော်သူးလေတပ်မတာ် ဆာကဆောတပ်မက မနေ့ကညနေပိုင်းက ကြေညာချက်ထုတ်ပြန်ထားတာပါ။

ကော်သူးလေတပ်မတော် KTLAနဲ့ ထားဝယ်မြို့ အရှေ့ဘက်မှာရှိတဲ့ မေတ္တာမြို့ဘက်ကနေ ကျောက်မဲတောင်ရဲစခန်းကိုလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကားလမ်းမပိုင်းတစ်နေရာမှာ မနေ့ကစတင်ပြီး တိုက်ပွဲ ဖြစ်ခဲ့ကြပြီး ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။

ကော်သူးလေတပ်မတော် ဆာကဆောတပ်မရဲ့ ပြန်​ကြားရေးတာဝန်ခံရဲဘော်ကိုချမ်းက “စစ်ကောင်စီဘက်က တိုက်ပွဲမှာထိခိုက်တဲ့လူနာတွေကို ပြန်ထုတ်ဖို့၊ ရွေ့ဖို့ပြောင်းဖို့ရှိတယ်ဗျ။ အဲဒါကြောင့် စာထုတ်ရတာဖြစ်ပါတယ်။ နေ့ဘက်ဆိုရင်တော့ ဘယ်သူဘယ်ဝါသိပေမဲ့ ညဘက်ဆိုရင်မသိနိုင်လို့ပါ” လို့ ပြောပါတယ်။

KTLAရဲ့ ထုတ်ပြန်ချက်မှာ သတ်မှတ်ရက်အတွင်း ဖြတ်သန်းသွားလာချိန်မှာ စစ်ကောင်စီနဲ့ ပတ်သက်မှုရှိနေတာ၊ စစ်ဆေးမှုနဲ့ထုတ်ပြန်ချက်ကိုမလိုက်နာတာတွေ တွေ့ရှိရင် ထိခိုက်မှု တစုံတရာအတွက်လုံးဝတာဝန်ယူမှာမဟုတ်ဘဲ မသင်္ကာဖွယ်ရာအားလုံးကို ကော်သူးလေအာမီ ဆာကဆောတပ်မက ရှင်းလင်းပစ်မယ်လို့ ရေးသားထားပါတယ်။

ပြည်သူတွေအနေနဲ့ မသင်္ကာဖွယ်ရာ လှုပ်ရှားမှုတစုံတရာတွေ့ရင် နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့တွေဆီကို သတင်းပေးပို့ကူညီပူးပေါင်းပေးကြဖို့လည်း ထုတ်ပြန်ချက်မှာ မေတ္တာရပ်ခံထားပါတယ်။

မနေ့ကတိုက်ပွဲဖြစ်ပွားပြီးနောက်မှာတော့ စစ်ကောင်စီတပ်သားတွေဟာ ကျောက်မဲတောင်နယ်မြေရဲစခန်းကို ပြန်ရောက်နေကြပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ထားဝယ်ကနေ စဝင်လာချိန်ကလည်း လမ်းတလျှောက်မှာရှိတဲ့ကျေးရွာတွေက ဒေသခံအမျိုးသမီး၊ အမျိုးသား ၂၀ ထက်မနည်းကိုလူသားဒိုင်းပုံစံ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက်ပိုင်းမှာ ပြန်လွတ်ပေးခဲ့ပါတယ်။ ဖမ်းခေါ်ခံရသူတွေထဲက ဆယ်ကျော်သက်လူငယ်အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီတပ်သားတွေက ပြင်းပြင်းထန်ထန် နှိပ်စက်စစ်ဆေးခဲ့တာရှိတယ်လို့ ​​ဒေသခံတွရဲ့ပြောပြချက်အရသိရပါတယ်။

ထားဝယ်မြို့နယ်က ထားဝယ်-ထီးခီးလမ်းပိုင်းဟာ စစ်ကောင်စီစစ်ကြောင်းတွေမကြာခဏ ဝင်ရောက်နေတဲ့ လမ်းပိုင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့လည်း တိုက်ပွဲတွေမကြာခဏဖြစ်ပွားလေ့ရှိပါတယ်။

The Tanintharyi Times