ပလမြို့ကနေ နယ်ကျော်သွားလာလိုသူတွေ ထောက်ခံစာ‌တစ်စောင် ကျပ် ၅၀၀၀ ပေးပြီး ယူနေရ

ပလမြို့ကနေ နယ်ကျော်သွားလာလိုသူတွေ ထောက်ခံစာ‌တစ်စောင် ကျပ် ၅၀၀၀ ပေးပြီး ယူနေရ

ပလမြို့ကနေ တစ်ခြားနယ်တွေကို သွားလာချင်ရင် ထောက်ခံစာပါမှ သွားလို့ရတဲ့အတွက် ဒေသခံတွေဟာ အုပ်ချုပ်ရေးမှူးရုံးကနေ ထောက်ခံစာတစ်စောင် ကျပ် ၅၀၀၀ ပေးပြီး ယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တစ်ခြားနေရာတွေကို သွားချင်ရင် ထောက်ခံစာမဖြစ်မနေယူပြီးမှ သွားရမယ်လို့ ပလကျေးရွာအုပ်စုက ရပ်ကွက် ၃ အုပ်‌ချုပ်ရေးမှူး ဦးကြင်ရှိန်က အမိန့်ထုတ်ထားတာဖြစ်ပြီး အဲ့ဒီအမိန့်ကို အရင်လ ၂၄ ရက်နေ့က သူ့ရဲ့အိမ်ဗုံးခွဲခံရပြီး ရက်ပိုင်းမှာပဲ စခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

အုပ်‌ချုပ်ရေးမှူး ဦးကြင်ရှိန်ရဲ့ ထောက်ခံစာမပါရင် ပလမြို့နယ် အဝင်အထွက်မှာရှိတဲ့ စစ်ဆေးရေးဂိတ်တွေမှာ ‌ဖြတ်ခွင့်မရတာ၊ အရစ်ခံရတာတွေကြုံရလေ့ရှိပြီး ပြဿနာမျိုးစုံ တက်လေ့ရှိတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

အုပ်‌ချုပ်ရေးမှူးရဲ့နေအိမ် ဗုံးခွဲမခံရခင်ကတော့ ထောက်ခံစာယူလည်းရ၊ မယူလည်းရပြီး ယူတဲ့သူတွေကလည်း တစ်ရွက်ကို ကျပ် ၁၀၀၀ သာပေးရတယ်လို့ သိရပါတယ်။

ပလမြို့ရှိ တိုကျေးရွာအုပ်စု၊ ပလကျေးရွာအုပ်စု နှစ်ခုမှာ ရပ်ကွက် ၄ ခုရှိရာ အုပ်ကြီး ဦးကြင်ရှိန် ဟာ ရပ်ကွက် ၃ ရဲ့ အုပ်ချုပ်ရေးမှူးဖြစ်ပါတယ်။ ကျန်တဲ့ ရပ်ကွက် ၃ ခုက အုပ်ချုပ်ရေးမှူးတွေက ဒေသမှာ မနေကြတော့တာ ကြာပြီဖြစ်တဲ့အတွက် ရပ်ကွက် ၄ ခု စလုံးကို ဦးကြင်ရှိန်က လက်ရှိမှာ အုပ်ချုပ်နေတယ်လို့ သိရပါတယ်။

“အဓိကက အာဏာပြချင်တာနဲ့သူလုပ်ပေးမှရွာသားတွေ အဆင်ပြေမယ်ဆိုတာကိုပြချင်တာရယ်။ ငွေဘယ်လောက်ပေးပေး သူမလုပ်ပေးရင်မရဘူးဆိုတာ ပြချင်တဲ့သဘောလို့ပဲ မြင်တယ်။ သူ့အိမ်စီးပွားရေးက သိပ်မဆိုးပါဘူး။ အခုတော့ ငွေလိုလို့လည်းပါမယ်။ သူဒုက္ခရောက်ရင်ရွာသားတွေဒုက္ခရောက်မယ်လို့ပြချင်တာလည်းပါမယ်လို့ ထင်တယ်ဗျာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပလမြို့ဟာ မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်းမှာ ရှိတဲ့ မြို့တစ်မြို့ဖြစ်ပြီး လူနေအိမ်ခြေ ၁၈၀၀ကျော် ရှိပါတယ်။

ပုံစာ – ပလမြို့ ရပ်ကွက် ၃ အုပ်‌ချုပ်ရေးမှူးရဲ့ ထောက်ခံစာ ဖြတ်ပိုင်း

The Tanintharyi Times