တရုတ်ခရီးစဉ်အတွင်း စစ်ခေါင်းဆောင် နဲ့ တရုတ်အာဏာပိုင်တွေ တွေ့ဆုံမယ်လို့ဆို
တရုတ်ခရီးစဉ်အတွင်း စစ်ခေါင်းဆောင် နဲ့ တရုတ်အာဏာပိုင်တွေ တွေ့ဆုံမယ်လို့ဆို
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဒီအပတ်ထဲမှာပဲ တရုတ်နိုင်ငံကိုသွားရောက်ကာ ဒေသတွင်း ထိပ်သီးအစည်းဝေးတွေ တက်ရောက်မယ်လို့ စစ်အုပ်စု မီဒီယာတွေက ဒီကနေ့ နိုဝင်ဘာလ ၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ဒီခရီးစဥ်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံကို သွားရောက်မယ့် ပထမဆုံး ခရီးစဥ်လည်း ဖြစ်ပါတယ်။
အာဏာသိမ်းပြီးကတည်းက တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသတွေအပါအဝင် မြန်မာနိုင်ငံအနှံအပြားမှာ ပဋိပက္ခတွေနဲ့ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်နေတာပါ။
ယခုခရီးစဥ်မှာတော့ မင်းအောင်လှိုင်အနေနဲ့ မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေး (Greater Mekong Subregion Summit) နဲ့ ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်းအဝေး (Ayeyawady-Chao Phraya-Mekong Economic Co-operation Strategy Summit) တို့လို ဒေသတွင်း ထိပ်သီးညီလာခံတွေကို တက်ရောက်မှာ ဖြစ်တဲ့အပြင် နိုဝင်ဘာ ၆ ရက်နေ့နဲ့ ၇ ရက်တို့မှာ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် နိုင်ငံတွေနဲ့ ကူမင်းမြို့မှာ တွေ့ဆုံပွဲ ပြုလုပ်သွားမယ်လို့ စစ်တပ်ရုပ်သံ MRTV မှာ ဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် မင်းအောင်လှိုင် အနေနဲ့ တရုတ်နိုင်ငံက အာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်မှာ ဖြစ်ပြီး ကဏ္ဍအမြောက်အများမှာ နှစ်နိုင်ငံ ဆက်ဆံရေး၊ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို တိုးမြှင့်လုပ်ဆောင်သွားမယ် လို့ အဆိုပါ မီဒီယာမှာ ကြေညာသွားပါတယ်။
ဒီခရီးစဉ်မှာ စစ်ခေါင်းဆောင်နဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင် နဲ့တွေ့ဆုံဖို့ ရှိ၊မရှိကိုတော့ နှစ်ဖက်ထုတ်ပြန်တာမရှိသေးပါဘူး။
ပြီးခဲ့တဲ့ အောက်တိုဘာနှောင်းပိုင်းက စစ်အုပ်စုဆန့်ကျင်ရေး လက်နက်ကိုင်အင်အားစုတွေရဲ့ အရှိန်အဟုန်မြှင့် စစ်ဆင်ရေးတွေကြောင့် တရုတ်အစိုးရက အဆိုပါ ဒေသတွေရဲ့ ကုန်သွယ်ရေးဂိတ်တွေကို အလျင်အမြန် ပိတ်ခဲ့ပါတယ်။ စစ်အုပ်စုရဲ့ ဖရိုဖရဲ ဖြစ်ရပ်ဟာ တရုတ်ကို ထိတ်လန့်စေတာကြောင့် အခုလို တရုတ်က တော်လှန်ရေးအင်အားစုတွေကို ဖိနှိပ်လိုက်တာလို့ ရိုက်တာသတင်းမှာ ဖော်ပြသွားပါတယ်။
တရုတ်ဟာ မြန်မာနိုင်ငံကို နိုင်ငံဖြတ်ကျော် အဓိက ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုက်ကြီးတွေနဲ့ ဘင်္ဂလားပင်လယ်အော် ရေနက်ဆိပ်ကမ်းတည်ဆောက်ရေး စီမံကိန်းတွေ အပါအဝင် မဟာဗျူဟာမြောက် စီးပွားရေးအချက်အချာကျပြီး သူ့ကိုယ်ကျိုးစီးပွားအတွက် အသုံးချနိုင်တဲ့ အရေးကြီးနိုင်ငံအဖြစ် ရှုမြင်ထားပါတယ်။
ပေကျင်းအစိုးရဟာ မော်တော်ယာဥ်တွေနဲ့ လေစွမ်းအင် ကဏ္ဍတွေမှာ အသုံးပြုဖို့ မြန်မာနိုင်ငံက မြေရှားသတ္တုတွေကိုလည်း အလွန်အကျွံတူးဖော်ထုတ်ယူ တရုတ်နိုင်ငံကို တင်သွင်းနေပါတယ်။
“တရုတ်ရဲ့ ထောက်ခံမှုကို ပိုရချင်လို့ပဲ ဖြစ်ဖြစ် တရုတ်ရဲ့ ဖိအားတွေကြောင့် သွားရတာပဲ ဖြစ်ဖြစ် မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဥ်က ပြည်သူလူထုအတွက်တော့ မကောင်းဘူး” လို့ မြန်မာနိုင်ငံရေးရာ သုတေသီ မစ္စတာ ဒေးဗစ် မက်သီဆင်က မှတ်ချက်ပြုပါတယ်။
“တရုတ်ဘက်ကတော့ စစ်အုပ်စုနဲ့ သူတို့ ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲပြုလုပ်ပြီး အသွင်ကူးပြောင်းရေး အစီအစဥ်ကို ထောက်ခံကြောင်း အတိအလင်း ပြောထားပါတယ်” လို့ သူက ဆက်ပြောပါတယ်။
စစ်အုပ်စု က စီစဥ်နေတဲ့ ၂၀၂၅ ရွေးကောက်ပွဲရဲ့ ရှေ့ပြေးအနေနဲ့ အောက်တိုဘာလက ပြည်လုံးကျွတ် သန်ခေါင်းစာရင်းကောက်ယူမှုဆိုတာတွေကို ပြုလုပ်ခဲ့သလို နိုင်ငံရေး ပါတီတော်တော်များများကို ဖျက်သိမ်းခဲ့ပါတယ်။
အဆိုပါ သန်းခေါင်စာရင်း ကောက်ယူမှု အပါအဝင် စစ်အုပ်စု အဆိုပြုထားတဲ့ ရွေးကောက်ပွဲ အတွက် လိုအပ်တဲ့ နည်းပညာအကူအညီကိုတော့ တရုတ်အစိုးရက ထောက်ပံ့ပေးကြောင်း နေပြည်တော်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ မင်းအောင်လှိုင်တို့ရဲ့ သြဂုတ်လ တွေ့ဆုံပွဲအပြီးမှာ စစ်အုပ်စု မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
အဆိုပါ သြဂုတ်လတွေ့ဆုံပွဲအပြီး ပေကျင်းအစိုးရရဲ့ စစ်အုပ်စု နဲ့ တော်လှန်ရေးအင်အားစုတွေကို နှစ်ဖက်ခွရပ်တဲ့ လမ်းစဥ်တွေကို ဒီမိုကရေးအရေးကြိုးပမ်းချက်မှာ အတားအဆီးဖြစ်စေတဲ့ လုပ်ရပ်အဖြစ် ဝေဖန်ရှုတ်ချမှုတွေ ပေါ်ထွက်ခဲ့ပါတယ်။
Ref: ရိုက်တာ
(ယခုဘာသာပြန်သတင်း ကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times
