လွှတ်တော်ဖျက်သိမ်းဖို့ တင်ပြချက် ဘုရင့်အတိုင်ပင်ခံကောင်စီ ပယ်ချ ၊ သောကြာနေ့မှာ ဝန်ကြီးချုပ် ပြန်ရွေးမယ်
လွှတ်တော်ဖျက်သိမ်းဖို့ တင်ပြချက် ဘုရင့်အတိုင်ပင်ခံကောင်စီ ပယ်ချ ၊ သောကြာနေ့မှာ ဝန်ကြီးချုပ် ပြန်ရွေးမယ်

ဖွေ့ထိုင်းပါတီ ယာယီဝန်ကြီးချုပ် ဖွန်သမ် ဝိချယာချိုင်း ရဲ့ လွှတ်တော်ဖျက်သိမ်းရေး တင်ပြချက်ကို ထိုင်း ဘုရင့်အတိုင်ပင်ခံကောင်စီကပယ်ချလိုက်ပြီး သောကြာနေ့မှာ ဝန်ကြီးချုပ်သစ်မဲပေးရွေးချယ်ဖို့ လွှတ်တော်ကဆုံးဖြတ်လိုက်ပါတယ်။
ဖွေ့ထိုင်းပါတီရဲ့ လွှတ်တော်ဖျက်သိမ်းရေး အစီအစဉ်ကို ထိုင်းဘုရင့်ကောင်စီက မနေ့က ပယ်ချပြီးတဲ့ နောက်မှာပဲ လွှတ်တော် ဥက္ကဌ က ဝန်ကြီးချုပ်ပြန်လည်ရွေးချယ်မယ့် ရက်စွဲကို ချက်ချင်းသတ်မှတ် လိုက်တာလို့ ဘန်ကောက်ပို့စ် သတင်းမှာဖော်ပြထားပါတယ်။
အောက်လွှတ်တော် မှာ အမတ်အများဆုံးရှိနေတဲ့ အတိုက်အခံ ပါတီ ပြည်သူ့ပါတီက လက်ရှိအာဏာရ ဖွေ့ထိုင်းက တင်မြောက်ကိုယ်စားလှယ်ထက် ဖက်ဖွန်ကြိုင်ထိုင်း ပါတီ ခေါင်းဆောင် အနုတင် ကိုသာ ဝန်ကြီးချုပ် အဖြစ် ထောက်ခံမဲပေးမယ်လို့ ကြေညာခဲ့ပြီး နောက်မှာ လွှတ်တော်ဖျက်သိမ်းဖို့ အစီစဉ်ကို ယာယီ ဝန်ကြီးချုပ်က တင်ပြခဲ့တာဖြစ်ပါတယ်။
လက်ရှိအခြေအနေတွေ အရတော့ သောကြာနေ့မှာပြု လုပ်မယ့် ဝန်ကြီးချုပ်မဲပေးရွေးချယ်မှု မှာ ဖက်ဖွန်ကြိုင်ထိုင်း ပါတီ ခေါင်းဆောင် အနုတင် ချာန်းဝီရာကွန်းက ဝန်ကြီးချုပ်ဖြစ်လာဖို့ ရေပန်းစားနေပါတယ်။
အနုတင် ချာန်းဝီရာကွန်း ကို ဝန်ကြီးချုပ်အဖြစ်မဲပေးဖို့ ထိုင်းပြည်သူ့ပါတီ ထောက်ခံပေးမယ်လို့ သဘောတူညီချက် သုံးရယူထားတာဖြစ်တယ်လို့လည်း ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။
ဖက်ဖွန်ကြိုင်ထိုင်း ပါတီ နဲ့ ထိုင်းပြည်သူ့ ပါတီ ကြားသဘောတူထားတဲ့ အချက်တွေကတော့ လေးလအတွင်း လွှတ်တော်ကိုပြန်လည်ဖျက်သိမ်း ပြီး ရွေးကောက်ပွဲပြန်ကျင်းဖို့ လည်းပါဝင်ပါတယ်။
ဒါ့အပြင် အာဏာသိမ်း စစ်တပ်ခေါင်း ပရာယွတ် ချန်အိုချာ လက်ထက်က ရေးဆွဲထားတဲ့ အခြေခံဥပဒေကို ၁၉၉၇ အခြေခံဥပဒေကို မှီငြမ်းပြီး အခြေခြံဥပဒေအသစ်ပြန်လည်ရေး ဆိုဖို့ဆိုတဲ့ အချက်လည်းပါဝင်ပါတယ်။
အလားတူပဲ ပြည်သူ့ပါတီက ကိုယ်စားလှယ်တွေ နဲ့ပါတီဝင်တွေ အစိုးရ ရာထူးရယူမှာ မဟုတ်ဘူးဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။
ပြည်သူ့ပါတီ ဟာ အောက်လွှတ်တော် အမတ် ၁၄၃ ဦး ထိ အနိုင်ရရှိထားပြီး ဒါဟာ ပါတီအားလုံး ထက်အများဆုံး အနိုင်ရထားတာဖြစ်ပါတယ်။
ဩဂုတ်လ ၂၉ ရက်က ထိုင်းဝန်ကြီးချုပ်ဖယ်ထုံတန်ရှင်နာဝပ်ကို ရာထူးမှ ရပ်နားလိုက်ပြီးနောက်ပိုင်း ယာယီဝန်ကြီးချုပ်ကလွဲလို့ အစိုးရတစ်ဖွဲ့လုံးနှုတ်ထွက်ထားပေးရပြီး နိုင်ငံရေးအခြေအနေဟာလည်း အရှုပ်အထွေး အကျပ်အတည်းကြားရောက်ရှိနေပါတယ်။
ကိုးကား -ဘန်ကောက်ပို့စ်
(ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times