ရှပ်ပုံရွာက ပျူစောထီးအဖွဲ့ဝင်လို့ နာမည်ထွက်နေတဲ့အမျိုးသားတစ်ဦး အဖမ်းခံရ
ရှပ်ပုံရွာက ပျူစောထီးအဖွဲ့ဝင်လို့ နာမည်ထွက်နေတဲ့အမျိုးသားတစ်ဦး အဖမ်းခံရ

ပျူစောထီးအဖွဲ့ဝင်လို့ နာမည်ထွက်နေတဲ့ ပုလောမြို့နယ်ထဲက ရှပ်ပုံရွာ ဝါးတန်းရပ်ကွက်နေသူ အမျိုးသားတစ်ဦး ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၃၈ နှစ်အရွယ် ရှိတဲ့ ကိုမင်းထွဋ်ဆိုသူဟာ လွန်ခဲ့နှစ်ရက်၊ အခုလ ၂ ရက်နေ့ကအောက်ပေါင်းကျေးရွာအနီးမှာရှိတဲ့ သူ့ရဲ့ခြံထဲသွားစဥ် အဖမ်းခံရတာဖြစ်ပါတယ်။
“ဘယ်မှာဘယ်လိုဖြစ်ပြီး အဖမ်းခံရလဲတော့ မသိဘူး။ ဖမ်းခံရတာတော့ နေ့ဘက်ပဲ။ ” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးသွားတဲ့ အဖွဲ့အစည်းတွေဘယ်သူဆိုတာမျိုး ဒေသခံတွေက တိတိကျကျ သိရတာမျိုးတော့ မရှိသေးပါဘူး။
ဒါပေမဲ့ မြိတ်ခရိုင်တပ်ရင်း(၁) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုအာနိုးကို တနင်္သာရီတိုင်းမ်က ဆက်သွယ်မေးမြန်းရာမှာတော့ ”ရှပ်ပုံမှာ စစ်ကောင်စီသတင်းပေးတစ်ယောက်ကိုဖမ်းတာမျိုးတော့ရှိပါတယ်။” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ကိုအာနိုးပြောတဲ့ ဖမ်းဆီးထားသူက ကိုမင်းထွဋ်ဟုတ် ၊ မဟုတ်ကိုတော့ မသိရပါဘူး။
ကိုမင်းထွဋ်ဟာ ပျူစောထီးအဖွဲ့ဝင်လည်းဖြစ်ပြီး စစ်ကောင်စီသတင်ပေးလည်းဖြစ်တယ်လို့ ဒေသခံတွေကလည်း ပြောဆိုနေကြပါတယ်။ တနင်္သာရီတိုင်းမ်ကတော့ ဒီအချက်ကို အတည်ပြုနိုင်တာမျိုး မရှိသေးပါဘူး။
ပြီးခဲ့တဲ့လကလည်း ရှပ်ပုံကျေးရွာအုပ်စုထဲက မူးယစ်ဆေးမှုအပါအဝင် တခြားပဋိပက္ခတွေနဲ့ပတ်သက်ပြီး ရှပ်ပုံကျေးရွာအုပ်စုထဲက အရပ်သား ၄ ဦးကို အမည်မသိလက်နက်ကိုင်အဖွဲ့တွေ ဖမ်းဆီးခဲ့တာမျိုး ရှိပါတယ်။
The Tanintharyi Times