တည်းဖြတ်ခြင်း
တည်းဖြတ်ခြင်း
ထင်မြင်ချက်ဆောင်းပါးများ ရေးသားခြင်းလက်စွဲ (အပိုင်း ၁၀)
အခန်း (ရ)
တည်းဖြတ်ခြင်းကို အယ်ဒီတာရဲ့ အလုပ်ပဲလို့ လှေနံဓားထစ် မသတ်မှတ်ကြစေချင်ပါဘူး။ စာရေးသူမှာလည်း ကိုယ်ရေးတဲ့စာကို ပြန်တည်းဖြတ်ဖို့ တာဝန်ရှိပါတယ်။ အထူးသဖြင့် ထင်မြင်ချက်ဆောင်းပါးတွေနဲ့ ပတ်သက်ရင် ပိုတည်းဖြတ်ဖို့ လိုပါတယ်။ မြန်မာသတင်းခန်းတွေရဲ့ အယ်ဒီတာတွေက ထင်မြင်ချက် ဆောင်းပါးတွေကို များများစားစား တည်းဖြတ်ကြလေ့ သိပ်မရှိပါ။
အဲဒီတော့ စာဖတ်သူအယ်ဒီတာက စိတ်ရှုပ်လာပြီး ကိုယ့်ဆောင်းပါးကို ပယ်တာထက်စာရင် ကိုယ်ကိုယ်တိုင်က အရင်တည်းဖြတ်ထားတာ ကောင်းပါတယ်။ တည်းဖြတ်ဖို့ အကြံပေးချက်တွေကို အောက်မှာဖော်ပြလိုက်ပါတယ်။
ဆောင်းပါးအတွက် စိတ်ကူးစထုတ်ကတည်းက ကိုယ့်စိတ်ကူးကို စပြီးတည်းဖြတ်ပါ။ စိတ်ကူးဟာ ဖိုးကတ်စ်ပြတ်ရဲ့လား။ ကိုယ့်စိတ်ကူးကို ဝါကျတစ်ကြောင်းတည်းနဲ့ ချရေးကြည့်ပါ။
ကိုယ်ရေးထားတဲ့ ဆောင်းပါးအဖွင့်ကို ပြန်ဖတ်ကြည့်ပါ၊ ဆွဲဆောင်မှုရှိရဲ့လား၊ ဆောင်းပါးရဲ့ ကိုယ်ထည်ကို ကိုယ်စားပြုရဲ့ လား။ အားမရရင် ပြန်သာရေးပါ။
ကိုယ်ရေးသားတဲ့ အသုံးအနှုန်းတွေဟာ သာမန်လူတွေနဲ့ နီးစပ်ရဲ့လား၊ မတတ်သာလို့ ပညာရပ်ဝေါဟာရတွေသုံးထားမိရင် သာမန်စာဖတ်သူတွေ နားလည်အောင် ကိုယ်ရှင်းပြခဲ့ရဲ့လား။
စိတ်ရှုပ်ထွေးစေတဲ့ ကိန်းဂဏန်းတွေအများကြီး ရေးမိခဲ့သလား၊ ပြန်ဖျက်ထုတ်ဖို့ ကြိုးစားပါ။
ဆောင်းပါးရဲ့တစ်ဝက်လောက်မှာ စာဖတ်သူကို စိတ်လှုပ်ရှားစေမယ့်အရာ တစ်ခုခု ရေးမိရဲ့လား။ တစ်နည်းအားဖြင့် ပြောရရင် ဆောင်းပါးဟာ ဘယ်နေရာမှာ အိုင်နေသလဲ၊ ဘယ်လိုပြန်ပြင်မလဲ။
စာပိုဒ်တွေဟာ ရှည်လွန်းနေသလား၊ ခွဲထုတ်ပစ်လို့ ရမလား။
အဆုံးပိုဒ်ကို ကိုယ်ကိုယ်တိုင်ရော အားရရဲ့လား၊ အားမရရင် ပြန်သာရေးပါ။
ဖတ်ပြီးကိုယ့်ကို အားမနာတမ်းဝေဖန်တတ်တဲ့သူက ဘာပြောလဲ၊ သူပြောတာဟာ အဓိပ္ပါယ်ရှိလား။
The Tanintharyi Times
