တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကနေ ၁၀ နှစ်အတွင်း ဓာတ်ငွေ့ ၅၂ ဘီလီယံ ကုဗမီတာ တင်ပို့ခဲ့
တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကနေ ၁၀ နှစ်အတွင်း ဓာတ်ငွေ့ ၅၂ ဘီလီယံ ကုဗမီတာ တင်ပို့ခဲ့
ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ သွယ်တန်းထားတဲ့ တရုတ်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကနေ စီမံကိန်းစတင်လည်ပတ်တဲ့ ၁၀ နှစ်တာအတွင်း သဘာဝဓာတ်ငွေ့ ၅၂ ဘီလီယံ ကုဗမီတာ တင်ပို့ခဲ့တယ်လို့ တရုတ်နိုင်ငံအခြေစိုက် Global Times သတင်းက ဖော်ပြပါတယ်။
ကျောက်ဖြူ၊ မကွေး၊ မန္တလေး၊ ရှမ်းပြည်နယ်ကို ဖြတ်ပြီး တရုတ်ပြည်အထိ သွယ်တန်းထားတဲ့ အရှည် ၇၉၃ ကီလိုမီတာရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို ၂၀၁၃ ခုနှစ်မှာ စတင်အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပြီး အခု ၂၀၂၃ မှာ ဓာတ်ငွေ့ထုတ်လွှင့်မှု ၁၀ နှစ် ပြည့်သွားခဲ့တာ ဖြစ်ပါတယ်။
ဒီစီမံကိန်းကို တရုတ်အစိုးရပိုင်ရေနံကုမ္ပဏီ China National Petroleum Corp CNPC က အစုရှယ်ယာ ၅၀ ဒသမ ၉ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး စစ်ကောင်စီက ဝင်ငွေရရှိနေတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ MOGE ရဲ့ အစုရှယ်ယာ ၇ ဒသမ ၃၆ ရာခိုင်နှုန်း ပါဝင်နေပါတယ်။
တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းမှာ တရုတ်အစိုးရပိုင်ရေနံကုမ္ပဏီ CNPC၊ စစ်ကောင်စီပိုင် MOGE၊ ကိုရီးယားနိုင်ငံ မဟာဗျူဟာနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ အစုရှယ်ယာ ၂၆ ဒသမ ၁၅ ရာခိုင်နှုန်း ပါနေတဲ့ KOGAS လုပ်ငန်း၊ ကိုရီးယားနိုင်ငံက Daewoo လုပ်ငန်း၊ အိန္ဒိယနိုင်ငံ ရေနံနဲ့ သဘာဝဓာတ်ငွေ့ဝန်ကြီးဌာနပိုင် Indian Oil လုပ်ငန်း နဲ့ အိန္ဒိယထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်း GATI တို့ရဲ့ အစုရှယ်ယာတွေ ပါဝင်နေတယ်လို့ Hydrocarbon Technology ရဲ့ ဝက်ဆိုက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ အစုရှယ်ယာရှင်တွေဟာ ရင်းနှီးမြှုပ်နှံထားတဲ့ ငွေကြေးပမာဏထက် ၁၆၅ ရာခိုင်နှုန်းအထိ အကျိုးအမြတ်ပြန်ရခဲ့တယ်လို့ Global Times သတင်းမှာ တွေ့ရပါတယ်။
စစ်ကောင်စီပိုင် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှယ်ယာပါနေတဲ့ တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းဟာ တရုတ်နိုင်ငံဆီ ဓာတ်ငွေ့တင်ပို့နေမှု အားလုံးရဲ့ ၁၀ ရာခိုင်နှုန်း ရှိပြီး တရုတ်နိုင်ငံတောင်ပိုင်းက စက်မှုလုပ်ငန်းတွေမှာ စွမ်းအင်အပြည့်အဝထောက်ပံ့နိုင်ခဲ့တယ်လို့ တရုတ်သတင်းမှာ ရေးသားထားပါတယ်။
မြန်မာနိုင်ငံမှာ ပိုက်လိုင်းစီမံကိန်း ၅ ခုရှိပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံကျော် ဝင်ငွေရရှိနေပြီး သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု Blood Money အဖွဲ့က ရရှိတဲ့အချက်အရ အာဏာသိမ်းကာလနောက်ပိုင်း ရေနံနဲ့ သဘာဝဓာတ်ငွေကဏ္ဍက ရရှိတဲ့ ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၅ ဘီဘီယံအထိ ရှိခဲ့ကြောင်း Myanmar Now ဆောင်းပါးမှာ ဖော်ပြထားပါတယ်။
မြန်မာ့လူ့အခွင့်အရေးလှုပ်ရှားသူ အဖွဲ့အစည်းများက နိုင်ငံခြားဝင်ငွေ အများဆုံးရနေတဲ့ MOGE လုပ်ငန်းကို နိုင်ငံတကာက ပိတ်ဆို့အရေးယူဖို့ တောင်းဆိုနေတာတွေ ရှိနေပြီး ဥရောပသမဂ္ဂအနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ပိတ်ဆို့ဒဏ်ခတ်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
The Tanintharyi Times
