အတိုက်အခံတွေနဲ့ ဆွေးနွေးဖို့ စစ်ကောင်စီကို တရုတ်တိုက်တွန်း
အတိုက်အခံတွေနဲ့ ဆွေးနွေးဖို့ စစ်ကောင်စီကို တရုတ်တိုက်တွန်း
အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံရဲ့ အဆင့်မြင့်ဆုံး အရာရှိ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီဟာ အတိုက်အခံတွေနဲ့ ဆွေးနွေးအဖြေရှာဖို့ စစ်ကောင်စီကို ဇူလိုင် ၃ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ အင်အားစုအားလုံးအနေနဲ့ လက်တွေ့ဆန်တဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာရေးလမ်းကြောင်းကို လျှောက်ကြဖို့နဲ့ နိုင်ငံရေးအရ ပြန်လည်သင့်မြတ်အောင် ကြိုးပမ်းကြဖို့ တရုတ်က မျှော်လင့်တယ်လို့ မစ္စတာ ဝမ်ယီက ဆိုပါတယ်။
မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရေး၊ လူမှုရေးအရ တည်ငြိမ်လာမယ်လို့ တရုတ်က ရိုးသားစွာ မျှော်လင့်ကြောင်း မဲခေါင်-လန်ချန်း အစည်းအဝေးကို တက်ရောက်ဖို့အတွက် မြန်မာကိုရောက်နေတဲ့ မစ္စတာ ဝမ်ယီက စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ပြောခဲ့တာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်တဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကောင်စီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အကြား တွေ့ဆုံဆွေးနွေးဖို့ကိစ္စ မဖြစ်နိုင်ဘူးလို့ မပြောနိုင်ကြောင်း ထုတ်ဖော်ပြောဆိုပြီး နောက်ပိုင်းမှာ ယခုလို တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ တိုက်တွန်းစကား ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
မစ္စတာဝမ်ယီဟာ ယမန်နေ့က ဦးဝဏ္ဏမောင်လွင်နဲ့ ပုဂံမှာ တွေ့ဆုံခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်နဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ မစ္စတာ ပရက်ဆိုခွန်းနဲ့လည်း သီးခြား တွေ့ဆုံခဲ့ပါသေးတယ်။
အဲဒီလို ကမ္ဘောဒီးယားဝန်ကြီးနဲ့ တွေ့ဆုံရာမှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေ ပြန်စဖို့ တရုတ်နဲ့ အာဆီယံတို့ ပူးတွဲ တိုက်တွန်းသွားကြဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။
မြန်မာ့နိုင်ငံရေး တိုးတက်ပြောင်းလဲလာဖို့ ကိစ္စမှာလည်း မြန်မာနိုင်ငံရဲ့ အခြေအနေတွေနဲ့ ကိုက်ညီပြီး မြန်မာ့ကိုယ်ပိုင် သွင်ပြင်လက္ခဏာတွေနဲ့ အညီသာ ဆောင်ရွက်စေဖို့လည်း တရုတ်က ပြောခဲ့ပါတယ်။
ဒါ့အပြင် အာဆီယံအနေနဲ့လည်း မြန်မာ့အရေးကို ဆောင်ရွက်တဲ့နေရာမှာ အာဆီယံရဲ့ အခြေခံမူဖြစ်တဲ့ အခြားတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်တဲ့ မူကို ဆက်လက် ဆုပ်ကိုင်ထားဖို့ မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။
ကိုးကား – The Straits Times
The Tanintharyi Times
