ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ကလေး ၁၁ဦး အပါအဝင် မြန်မာ ၃၀ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ကလေး ၁၁ဦး အပါအဝင် မြန်မာ ၃၀ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်ခရိုင်မှာ ကလေးငယ် ၁၁ ဦးအပါအဝင် မြန်မာနိုင်ငံသား ၃၀ ဦး မနေ့ညက ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။

ချင်းရိုင်ခရိုင်ထဲ ဝင်ရောက်လာတဲ့ အနက်ရောင်ကား ၂ စီးကို ထိုင်းအာဏာပိုင်တွေက တားဆီးစစ်ဆေးချိန် ကားပေါ်မှာပါလာတဲ့ မြန်မာနိုင်ငံသား ၃၀ ဦးကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ အသက် ၅နှစ်ကနေ ၁၅ နှစ်ကြား ကလေးငယ် ၁၁ ဦး၊ အမျိုးသား ၉ ဦးနဲ့အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၃၀ ဦး ပါဝင်တယ်လို့သိရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းကဖြစ်ပြီီး ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်သာရှိပြီး သတ်မှတ်နယ်မြေ ကျော်လွန်ဝင်ရောက်လာတာကြောင့် နယ်စပ်နဲ့ ကီလိုမီတာ ၆၀ ခန့်အကွာ၊ ချင်းရိုင်ကောလိပ်အနီးမှာ ဖမ်းမိခဲ့တာပါ။

သူတို့ကို ကားမောင်းပို့ပေးတဲ့ ထိုင်းနိုင်ငံသား ယာဥ်မောင်းနှစ်ဦးကိုလည်း တရားမ၀င် နိုင်ငံခြားသား တင်ဆောင်လာမှုနဲ့ အရေးယူ အမှုဖွင့်ထားတယ်လို့ ထိုင်းသတင်းမှာဖော်ပြထားပါတယ်။

ဖမ်းဆီးခံရသူအားလုံးကိုတော့ ချင်းရိုင် နယ်မြေရဲစခန်းကိုပို့ဆောင်ထားပြီး ဥပဒေအရ အရေးယူမယ်လို့လည်းဆိုထားပါတယ်။

အခုလ ၁ ရက်နေ့ညကလည်း ချင်းမိုင်ခရိုင်အတွင်းကို တရားမဝင်ဝင်ရောက်တဲ့ မြန်မာနိုင်ငံသား ၂၈ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

အခုနှစ် ၄ လကျော်အတွင်း ထိုင်းနိုင်ငံကိုတရားမဝင်လမ်းကဝင်ရောက်လို့ ဖမ်းဆီးခံရတဲ့ မြန်မာအရေအတွက်ဟာ ၇၀၀ ကျော်ရှိပြီဖြစ်ပါတယ်။

The Tanintharyi Times