အရှေ့တောနယ်က စစ်ဆေးရေးဂိတ်တွေ ငွေတောင်းကြမ်းလို့ ဒေသခံတွေ အခက်အခဲဖြစ်နေ

အရှေ့တောနယ်က စစ်ဆေးရေးဂိတ်တွေ ငွေတောင်းကြမ်းလို့ ဒေသခံတွေ အခက်အခဲဖြစ်နေ

ဓာတ်ပုံ - အရှေ့တောလမ်းမှာတွေ့ရတဲ့ကားတချို့။(ပုံဟောင်း)

ထားဝယ်မြို့နယ်၊ အရှေ့တောနယ်မှာရှိတဲ့ စစ်ကောင်စီဂိတ်စခန်းတွေက ခရီးသည်ကားတွေနဲ့ကုန်ကားတွေဆီက ငွေကြေးတောင်းခံမှု​တွေကြောင့် ဒေသခံတွေအခက်အခဲဖြစ်နေကြပါတယ်။

ထားဝယ်မြို့ကနေ အရှေ့တောနယ်ကိုသွားတဲ့လမ်းပေါ်မှာ စစ်ကောင်စီရဲ့စစ်ဆေးရေးဂိတ် ၅ ခုခန့်ရှိပြီး လက်ရှိမှာတော့ ၂ ခုလောက်ကငွေကြေးတောင်းခံတာကိုအဓိကလုပ်ဆောင်နေတာပါ။

သူတို့ဟာ ကွမ်းသီးတင်တဲ့ကားတွေအပြင် ခရီးသည်တင်ကားတွေနဲ့ ဘောလုံးကားလို့ခေါ်တဲ့ ထိုင်းနိုင်ငံကိုသွားမယ့်သူတွေကိုပို့တဲ့ကား တွေမှာအဓိကငွေကြေးတောင်းခံနေတာဖြစ်ပါတယ်။

အရှေ့တောလမ်းကိုပုံမှန်သွားလာနေတဲ့ ဒေသခံတစ်ဦးကတော့ ပကာရီရဲစခန်းစစ်ဆေးရေးဂိတ်ကနေ တင်လာတဲ့ပစ္စည်းကိုကြည့်ပြီး ငွေသောင်းနဲ့ချီတောင်းခံနေတယ်လို့ဆိုပါတယ်။

“ဒီရက်ပိုင်းပဲ ကွမ်းသီးအပြည့်တင်လာတဲ့ ဒိုင်နာကားတစ်စီးကို ငါးသောင်းတောင်းတယ်။ ပစ္စည်း များရင်များသလိုတောင်းတယ်။ ပကာရီဂိတ်ကအဆိုးဆုံးပဲ။ ခရီးသည်တင်ကားတွေမှာဆိုလည်း အခြေအနေကြည့်ပြီး တသောင်းနှစ်သောင်းတောင်းတာပဲ” လို့သူ​ကဆက်ပြောပါတယ်။

အဲဒီလိုတောင်းခံနေတာကြောင့် လက်ရှိကွမ်းသီးစျေးကလည်းလျှော့နေချိန်မှာ ကွမ်းသီးခြံလုပ်ကိုင်သူတွေ ပွဲရုံတွေမှာကြိုယူထားတဲ့ငွေတွေတောင် ပြန်မဆပ်နိုင်တဲ့အထိ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီဂိတ်တွေရဲ့ ငွေကြေးတောင်းခံမှုတွေကြောင့် အရှေ့တောနယ်အတွင်းက ခရီးသည်တင် ကားခတွေလည်းစျေးတက်လာခဲ့တယ်လို့သိရပါတယ်။

ဟိန္ဒားကျေးရွာနဲ့ ထားဝယ်မြို့ကိုပြေးဆွဲနေတဲ့ခရီးသည်တင်ကား လက်မှတ်တစောင်ကို အာဏာမသိမ်းခင်အထိ အသွားအပြန် ၈၀၀၀ ကျပ်သာရှိပေမယ့် ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ကုန်ပိုင်းကနေစတင်စျေးမြင့်လာကာ လက်ရှိမှာ တစ်ဦးကို ၁၂၀၀၀ ကျပ်အထိပေးနေ ရတယ်လို့သိရပါတယ်။

အလားတူ ထားဝယ်နဲ့ မြေးခံဘော်ရွာဘက်ကို ပြေးဆွဲနေတဲ့ယာဥ်တွေ စစ်အာဏာသိမ်းပြီးကာလအထိ အသွားအပြန် ၆၀၀၀ကျပ်ခန့်သာ ပေးရပေမယ့် လက်ရှိမှာ ၁၄၀၀၀ ကျပ်အထိပေးလာရတယ်လို့ဆိုပါတယ်။

“ဂိတ်တွေမှာက ကားသမားတွေဘက်ကပဲ ပိုက်ဆံပေးရတယ်။ ခရီးသည်တွေဆီကမတောင်းဘူး။ ဒီတော့ကားခတိုးလာတာပေါ့” လို့ဟိန္ဒားဒေသခံတစ်ဦးကပြောပါတယ်။

အရှေ့တောနယ်လမ်းပိုင်းဟာ ထားဝယ်မြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုအများဆုံးနေရာဖြစ်ပြီး စစ်ကောင်စီဘက်က ဆေးဝါးနဲ့ရီက္ခာသယ်ဆောင်ခွင့်ကိုလည်း ကန့်သတ်ထားပါတယ်။

အဲဒီလမ်းပိုင်းမှာအစက စစ်ဆေးရေးဂိတ် ၅ ခုအထိရှိပေမယ့် အခုရက်ပိုင်း သဗျာစစ်ဆေးရေးဂိတ်မရှိတော့ဘဲ စစ်ကောင်စီတပ်သားတွေနေထိုင်ခဲ့တဲ့ ဘန်ကာနဲ့တဲတချို့မီးရှို့ခံထားရတာကိုတွေ့ရတယ်လို့မျက်မြင်ဒေသခံတွေကဆိုပါတယ်။

The Tanintharyi Times