မြန်မာအရေးနဲ့ပတ်သက်ပြီး ထိုင်းအစိုးရ ရဲ့ရပ်တည်ချက်တွေ ပြန်စဉ်းစားဖို့ နိုင်ငံခြားရေးဝန်ကြီးဟောင်း တိုက်တွန်း

မြန်မာအရေးနဲ့ပတ်သက်ပြီး ထိုင်းအစိုးရ ရဲ့ရပ်တည်ချက်တွေ ပြန်စဉ်းစားဖို့ နိုင်ငံခြားရေးဝန်ကြီးဟောင်း တိုက်တွန်း

Photo - The Reporters

■ “စစ်အာဏာရှင် နဲ့ လက်တွဲအလုပ်လုပ်တာ လူသတ်သမားနဲ့ ပူးပေါင်းခြင်းသာဖြစ်တယ်” လို့ ထောက်ပြ

မြန်မာအရေး နဲ့ပတ်သက်ပြီး ထိုင်းအစိုးရ ရဲ့ ရပ်တည်ချက်တွေပြန်စဉ်းစားဖို့ လိုအပ်ကြောင်း ထိုင်းနိုင်ငံခြားဝန်ကြီးဟောင်း ကာဆစ် ဖိရုမ် တိုက်တွန်းလိုက်ပါတယ်။

ထိုင်းအစိုးရ အနေနဲ့ မြန်မာအရေး ဆိုင်ရာ မူဝါဒတွေပြန်လည်သုံးသပ်ဖို့လိုအပ်ပြီး စစ်အာဏာရှင်တွေ နဲ့ ပူးပေါင်း ကာ “လူသားချင်းစာနာထောက်ထားစင်္ကြံ” လုပ်ဆောင်မယ့် အစီအစဉ်ကို ပြန်စဉ်းစားသင့်တယ်လို့ ထောက်ပြ ခဲ့ပါတယ်။

“မြန်မာ စစ်အာဏာရှင်တွေ နဲ့ ပူးပေါင်းပြီး အလုပ်လုပ်တာ ဟာ လူသတ်သမားနဲ့ပူး ပေါင်းတာပဲဖြစ်ပါတယ်” လို့ ကာဆစ် ဖိရုမ် ကပြောပါတယ်။

ထိုင်းဝန်ကြီးချုပ် အဘီဆစ် လက်ထက် (၂၀၀၈ -၂၀၁၁) မှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာဆစ် ဖိရုမ် က မနေ့က ထိုင်း လွှတ်တော်မှာ ကျင်းပခဲ့တဲ့ မြန်မာအရေး ဆွေးနွေးပွဲကိုတက်ရောက်မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပါတယ်။

“အာဏာသိမ်းပြီး ၃နှစ်အကြာ” လို့ အမည်ပေးထားတဲ့ ဒီဆွေးနွေးပွဲကို ထိုင်းလွှတ်တော်မှာ မတ် လ ၂ ရက်နေ့ နဲ့ ၃ ရက်နေ့တို့ ကျင်းပခဲ့ပါတယ်။

သူ့ရဲ့ မိန့်ခွန်းထဲ မှာ ထိုင်းရွေးကောက်ခံ ဒီမိုကရေစီ အစိုးရဟာ မြန်မာ့နိုင်ငံ ဒီမိုကရေစီ လိုလားသူ တွေ လက်တွဲ အလုပ်လုပ်ရမယ့်အစား စစ်အာဏာရှင်တွေ နဲ့ သာ ပူးပေါင်းနေတာကို အံဩမိတယ်လို့ ဝေဖန်ခဲ့ပါတယ်။

ထိုင်းအစိုးရ ဟာ မြန်မာ စစ်အာဏာရှင်တွေရဲ့ အကြမ်းဖက်မှုတွေ ရပ်တန့် ဖို့ တခွန်းတပါဒ မှာ မပြောပဲ လူသားချင်းစာနာထောက်ထားမှု စင်္ကြံ ကိုအတူအကွအကောင်အထည်ဖော်ဖို့ လုပ်ဆောင်နေတယ်လို့ လည်း ထောက်ပြခဲ့ပါတယ်။

“ လက်ရှိ အစိုးရ က စစ်အာဏာရှင်တွေနဲ့ လက်တွဲ အလုပ်လုပ်ဖို့ ပြင်နေပါတယ်။ ကျွန်တော်သာ အခုချိန် အာဆီယံနိုင်ငံတွေက ခေါင်းဆောင် တစ်ဦးဖြစ်နေရင် ဒီကိစ္စ ကိုနှုတ်ဆိတ်နေမှာ မဟုတ်ဘူး” လို့ ကာဆစ်ဖိရုမ် ကပြောကြားခဲ့တာဖြစ်ပါတယ်။

ထိုင်းအစိုးရ အနေနဲ့ မြန်မာနိုင်ငံ မှာဖြစ်ပေါ်နေတဲ့ စစ်ဘေးကြောင့် ထွက်ပြေးလာရသူတွေ နဲ့ အဓမ္မ စစ်သား စုဆောင်းခံရမယ့် ဘေးအန္တရယ်က ထွက်ပြေးလာသူတွေကို လက်ခံဖို့ လည်း သူကတိုက်တွန်းခဲ့ပါတယ်။

“ မြန်မာနိုင်ငံက နေရပ်စွန့်ခွာတိမ်းရှောင်လာသူတွေကို “ Illegal “ (တရားမ၀င်) ဝင်ရောက်လာသူတွေလို့ ထိုင်းအစိုးရ တာဝန်ရှိသူတွေရဲ့ နှုတ် ကပါ ပြောဆိုနေတာကို ကြားရတိုင်း ကျွန်တော် အင်မတန် စိတ်ဆိုးဒေါသထွက်ရပါတယ်။ ဒီလူတွေ Victims (နစ်နာသူ) ဆိုတဲ့ စကားလုံးပြောဖို့ မတွေးမိတာလား ၊ မသိတာလား ကျွန်တော်လည်း မပြောတတ်ဘူး။ ထွက်ပြေးလာတဲ့ သူတွေ ဟာ အသက်ဘေး ကလွှတ်မြောက်ဖို့ ထိုက်တန်တဲ့ သူတွေပါဗျာ” လို့ ကာဆစ် ဖိရုမ် ကပြောပါတယ်။

ဆက်လက်ပြီး ကာဆစ် ဖိရုမ်က “အသက်လုပြီးထွက်ပြေးလာသူတွေကို နိုင်ငံကူးလက်မှတ် မရှိတာ ၊ ID ကတ် မရှိတာကို ပြဿနာလုပ်နေကြတယ်။ ဘယ်လိုလုပ်ပါမှာလဲ သူတို့ထွက်ပြေးလာရတာလေဗျာ ။ ကျွန်တော်တို့က ဗုဒ္ဓဘာသာနိုင်ငံပါ။အသက်ဘေးကနေထွက်ပြေးလာသူတွေကို လူတွေပြည့်ကျပ်နေတဲ့ အကျဉ်းစခန်းတွေထဲမှာ မပိတ်လှောင်ကောင်းပါဘူး” လို့ ထောက်ပြပြောဆိုခဲ့ပါတယ်။

နိုင်ငံတကာ အသိုင်းဝိုင်း အနေနဲ့ မြန်မာအရေး နဲ့ ပတ်သက်လို့ ပိုပြီး ရိုးသားမှုပြဖို့ လိုအပ်ကြောင်း ထောက်ပြပြောဆိုခဲ့ပါတယ်။

“ ဒီမိုကရေစီ လိုလားတဲ့ နိုင်ငံတွေ အနေနဲ့ မြန်မာအရေး မှာ ဒီမိုကရေစီ ဘက်တော်သားတွေနဲ့အတူ ရပ်တည်ဆိုတဲ့ စကားရပ်နဲ့ မလုံလောက်ပါဘူး။ အကျပ်အတည်းကို လက်တွေ့ ကျကျ ဝိုင်းဝန်းဖြေရှင်းဖို့လိုပါတယ်” လို့ သူကပြောပါတယ်။

ဂျပန် ၊တရုတ် ၊ အန္ဒိယ အစရှိတဲ့အာရှနိုင်ငံကြီးတွေ အနေနဲ့ မြန်မာ အကြပ်အတည်းကိုဝိုင်း ဝန်းအဖြေရှာကြဖို့ လည်း ကာဆစ် ဖိရုမ် တိုက်တွန်းခဲ့ပါတယ်။

ကာဆစ် ဖိရုမ် ဟာ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဟောင်း တစ်ဦးဖြစ်တဲ့ အပြင် လက်ရှိအချိန်မှာ အာဆီယံလူ့အခွင့်အရေးဆိုင်ရာ ပါလီမန်အမတ်များ (APHR) အဖွဲ့ဝင် တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

ကာဆစ် ဖိရုမ် နိုင်ငံခြားရေးဝန်ကြီး အဖြစ်တာဝန်ထမ်းဆောင်စဉ် ၂၀၁၁ ခုနှစ်တုန်း က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် လွတ်မြောက်ပြီးနောက် ပထမဦးလာရောက်တွေ့ဆုံခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီး ဖြစ်ပါတယ်။

မတ်လ ၃ ရက်နေ့မှာ ကျင်းပနေတဲ့ ထိုင်းလွှတ်တော် က မြန်မာအရေးဆွေးနွေးပွဲကို ထိုင်းပါလီမန် အမတ်တွေ ၊ ထိုင်း အရပ်ဘက်အဖွဲ့အစည်းတွေ ၊ မြန်မာ နိုင်ငံက တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ ၊ အမျိုး သားညီညွတ်ရေး အစိုးရ NUG တာဝန်ရှိသူတွေ နဲ့ နိုင်ငံတကာက ပညာရှင်တွေ အပါအဝင် စုစုပေါင်း ၂၀၀ ခန့်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ကိုးကား – The Reporters

(ယခု ဘာသာပြန် သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်း တို့ ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times