၁၀၂၇ စစ်ဆင်ရေးကို တန်ပြန်ချေမှုန်းမယ်လို့ စစ်ခေါင်းဆောင် ပြော

၁၀၂၇ စစ်ဆင်ရေးကို တန်ပြန်ချေမှုန်းမယ်လို့ စစ်ခေါင်းဆောင် ပြော

ပုံစာ - ရှမ်းမြောက်မှာ တိုက်ပွဲဝင်နေတဲ့ ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်တွေ။ ဓာတ်ပုံ - The Kokang

ရှမ်းပြည်နယ်မြောက်ပိုင်းကိုအခြေပြုပြီးဆင်နွှဲနေတဲ့ ၁၀၂၇ စစ်ဆင်ရေးကို တန်ပြန်ချေမှုန်းမယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူတို့ဘက်က ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ NCA နှစ်ပတ်လည်မှာ ပြောဆိုထားပေမယ့် သူတို့ကို တိုက်ခိုက်လာတာကြောင့် တန်ပြန်ချေမှုန်းသွားမယ်လို့ မနေ့က ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ ပြည်ထောင်စုအစိုးရ အစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။

ဒီကနေ့ထုတ် စစ်ကောင်စီ ဝါဒဖြန့်မီဒီယာဖြစ်တဲ့ မြန်မာ့အလင်းမှာ နိုင်ငံပျက်စီးရေး အကြမ်းဖက် အဖျက်လုပ်ရပ်များ တန်ပြန်ချေမှုန်းမယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်ခေါင်းဆောင် ပြောစကားကို ဖော်ပြရေးသားထားပါတယ်။

“ငြိမ်းချမ်းရေးရရှိရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအနေနဲ့ ဆောင်ရွက်နေပြီး ဆွေးနွေးချိန်မှာ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ဆောင်ရွက်နိုင်ခဲ့ပေမယ့် မိမိတို့အပေါ် တိုက်ခိုက်မှုများ ဆောင်ရွက်လာတာကြောင့် မိမိတို့အနေနဲ့ဖြင့် တန်ပြန်ချေမှုန်းမှုများ ဆက်လက်ဆောင်ရွက်သွားမယ် “ လို့ စစ်ခေါင်းဆောင်က ပြောဆိုထားပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရည်ညွှန်းတဲ့ ၁၀၂၇ စစ်ဆင်ရေးကိုဆင်နွှဲနေတဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဘက်ကတော့ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီနဲ့ ကြူကုတ် (ပန်ဆိုင်း) မြို့ ၄ မြို့တို့ကို အလုံးစုံ ထိန်းချုပ်နိုင်ပြီလို့ မနေ့က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၇ မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ၆ ရက်မြောက်နေ့မှာ သံချပ်ကာကား ၆ စီး သိမ်းဆည်းရမိသလို စစ်ကောင်စီတပ်စခန်း ၁၀၀ နီးပါးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ မီဒီယာကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ အရှေ့မြောက်ဒေသ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ ကြူကုတ်၊ မုန်းကိုး၊ ဖောင်းဆိုင်ဒေသတွေ၊ ကွမ်းလုံ၊ ချင်းရွှေဟော်နဲ့ လောက်ကိုင် တရုတ် – မြန်မာနယ်စပ်ဒေသတွေကို KIA ၊ TNLA ၊ MMDAA ပူးပေါင်းထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေက အင်အား အလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြရေးသားခဲ့ပါတယ်။ ဒါပေမယ့် AA နာမည်ကိုတော့ချန်လှပ်ထားခဲ့ပါတယ်။

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (ကိုးကန့်တပ်မတော်) MMDAA ၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ရက္ခိုင့်တပ်မတော် AA တို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ လာရောက် အလင်းဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

ထုတ်ပြန်ပြီးနောက်ပိုင်း ကွမ်းလုံမြို့နယ်တောင်ပိုင်းရှိ ခလရ ၁၄၃ တပ်ရင်းတရင်းလုံး အပါအဝင် တပ်သား ၁၀၀ ကျော် လာရောက် အလင်းဝင်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ချင်းရွှေဟော်၊ ဖောင်းဆိုင်နဲ့ ကြူကုတ် (ပန်ဆိုင်း) တို့ကို လက်လွှတ်လိုက်ရကြောင်း ဝန်ခံထားပြီး ဒီတိုက်ပွဲတွေဟာ ကိုးကန့်မျိုးနွယ်စု အချင်းချင်းကြား ပဋိပက္ခကနေ စတင်ဖြစ်ပွားခဲ့တဲ့ ပြဿနာသာ ဖြစ်တယ်လို့ ပြောပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့ နွေဦးတော်လှန်ရေးအောင်ပွဲ ရရှိတဲ့အထိ အတူတကွ ပူးပေါင်း ပါဝင်သွားမှာလို့ ကိုးကန့်တပ်မတော် MMDAA ပြောခွင့်ရ လီကျာဝင်းက ပြည်တွင်းသတင်းဌာနတွေကိုပြောဆိုထားပါတယ်။

The Tanintharyi Times