တနင်္သာရီမြို့နယ်မှာ လေးရက်အတွင်း ဖြစ်ပွါးတဲ့ တိုက်ပွဲတွေမှာ ထိခိုက်သေဆုံးသူတွေထဲ စစ်တပ်ကဒုတပ်ရင်းမှူးပါဝင်၊ စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်ဦးရေ ထောင်ချီ ထပ်တိုးလာ

တနင်္သာရီမြို့နယ်မှာ လေးရက်အတွင်း ဖြစ်ပွါးတဲ့ တိုက်ပွဲတွေမှာ ထိခိုက်သေဆုံးသူတွေထဲ စစ်တပ်ကဒုတပ်ရင်းမှူးပါဝင်၊ စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်ဦးရေ ထောင်ချီ ထပ်တိုးလာ

ရုပ်သံ - ဘန်လောရွာအနီးကတိုက်ပွဲ

တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ တနင်္သာရီမြို့နယ်မှာ လေးရက်အတွင်း စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူးအပါအဝင် ထိခိုက်သေဆုံးသူ များပြားခဲ့တယ်လို့ တနင်္သာရီမြို့နယ် မဟာမိတ်တပ်ပေါင်းစုက သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၃၁ရက်နေ့က အိမ်စီးကားနဲ့ မရင်းကြီးလမ်းအတိုင်းလိုက်ပါလာတဲ့ စစ်ကောင်စီတပ် ခမရ (၅၅၇) က ဒုတပ်ရင်းမှုးဟာ စောင့်ကြိုပစ်ခတ်ခံခဲ့ရလို့ သူအပါအဝင်ကားပေါ်ပါလာသူတွေ အပြင်းအထန် ထိခိုက်ခဲ့တယ်လို့ တပ်ပေါင်းစုက ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၉ ရက်နေ့ကစပြီး နိုဝင်ဘာ ၁ ရက်နေ့အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေဟာ ညောင်ပင်ကွင်း ကျေးရွာအုပ်စုနဲ့ ဘန်လော ကျေးရွာအုပ်စုတို့မှာ ဖြစ်ပွါးခဲ့တာဖြစ်ပါတယ်။

နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားပြီးချိန်တွေမှာ စစ်ကောင်စီတပ်သားတွေဟာ မရင်းကြီးရွာကျောင်းဘက်ကို ဒရုန်းနဲ့ဗုံးကျဲတာအပြင် လူနေအိမ်တွေဘက်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေပြုလုပ်ခဲ့တာကြောင့် ကျေးရွာဆယ်ခုလောက်က စစ်ဘေးရှောင်သူ အရေအတွက်ဟာ ၃၀၀၀ ဝန်း​ကျင်ရှိလာခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦးက ပြောပါတယ်။

တနင်္သာရီဒေသခံတစ်ဦးကတော့ ” စစ်တပ်က ၁၂၀မမတွေနဲ့ပါပစ်ခတ်ခဲ့တာပါ။ ​ဒေသခံတွေကတော့အတည်တကျမရှိပဲ နီးစပ်ရာထွက်ပြေးနေကြရတယ်”လို့ ပြောပါတယ်။

အခုလိုလက်နက်ကြီးပစ်ခတ်တာတွေကြောင့် အောက်တိုဘာ ၃၁ ရက်နေ့က ညောင်ပင်ကွင်းကျေးရွာကဒေသခံ နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၅ ဆောင်ထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့လည်းသိရပါတယ်။

လက်ရှိစစ်ဘေးတိမ်းရှောင်နေရတဲ့ပြည်သူတွေဟာ ညောင်ပင်ကွင်း၊ ဘန်လော၊ ဘန်လင်၊ သဘော့လိပ်၊ တုံးဗျော၊ ပျို့အိုင်၊ ခြောက်မိုင်၊ ထုံတော်၊ ဆင်ခေါင်း နဲ့ဇဝဲကျေးရွာတွေ ဖြစ်ကြပါတယ်။

သူတိုဟာ ဟာလက်ရှိမှာတော့ နေရေးထိုင်ရေးနဲ့ စားရေးသောက်ရေးအခက်အခဲတွေရှိနေတယ်လို့လည်းသိရပါတယ်။

တနင်္သာရီအခြေစိုက် စစ်ကောင်စီတပ် ခလရ (၅၆၁) ကတော့ မနေ့ကညပိုင်းအထိလက်နက်ကြီးပစ်ခတ်တာကိုပြုလုပ်နေတယ်လို့သိရပါတယ်။

တနင်္သာရီတိုင်းမှာ စစ်ဘေးရှောင်အရေအတွက်ဟာ အခု တိုက်ပွဲတွေ မတိုင်မီအချိန်အထိ တစ်သောင်းခြောက် ထောင်ကျော်ရှိနေတာ ဖြစ်ပါတယ်။

The Tanintharyi Times