ဟိုတယ်ထားဝယ်ပိုင်ရှင် ဒေါက်တာထွန်းမင်းလတ်ရဲ့ ပိုင်ဆိုင်မှု ဘတ်ငွေ သန်းပေါင်း ၁၈၀၀ ခန့် ထိုင်းရဲသိမ်းဆည်း
ဟိုတယ်ထားဝယ်ပိုင်ရှင် ဒေါက်တာထွန်းမင်းလတ်ရဲ့ ပိုင်ဆိုင်မှု ဘတ်ငွေ သန်းပေါင်း ၁၈၀၀ ခန့် ထိုင်းရဲသိမ်းဆည်း

မူးယစ်ဆေးဝါး မှောင်ခိုမှု၊ ငွေကြေးခဝါချမှု သံသယတွေနဲ့ ထိုင်းနိုင်ငံမှာ ဖမ်းခံထားရတဲ့ မြန်မာလုပ်ငန်းရှင် လက်နက်ပွဲစား ဒေါက်တာထွန်းမင်းလတ်ရဲ့ ဘတ်ငွေ သန်းပေါင်း ၁၈၀၀ ခန့်ရှိတဲ့ ထိုင်းနိုင်ငံတွင်းက ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းလိုက်တယ်လို့ ထိုင်းရဲက ပြောပါတယ်။
ဟိုတယ်ထားဝယ်ရဲ့ ပိုင်ရှင်လည်းဖြစ်တဲ့ ဒေါက်တာထွန်းမင်းလတ်ရဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းရာမှာ မီးခံသေတ္တာထဲက ငွေကြေးတွေ၊ ကားတွေ၊ ဇိမ်ခံပစ္စည်းတွေ၊ ဟိုတယ်နဲ့ အပန်းဖြေစခန်းတွေ ပါဝင်ပြီး စုစုပေါင်း ခန့်မှန်းတန်ဖိုး ဘတ်ငွေ သန်း ၁၈၀၀ လို့ ထိုင်းရဲဗိုလ်ချုပ် နီတီထွန်က ပြောပါတယ်။
သိမ်းဆည်းရမိတဲ့ ပိုင်ဆိုင်မှုတွေရဲ့ တန်ဖိုး ၂၅ ရာခိုင်နှုန်းကို ဒီအမှုကို စုံစမ်းစစ်ဆေးရာမှာ ပါဝင်တဲ့ ရဲတွေကို ဆုအဖြစ် ခွဲပေးမှာဖြစ်ပြီး မြန်မာခရိုနီကို ဖမ်းမိအောင် သတင်းပေးခဲ့တဲ့သူတွေကို ၅ ရာခိုင်နှုန်း ပေးမယ်လို့ ထိုင်းတရားရေးဝန်ကြီးက ဆိုပါတယ်။
ထိုင်းရဲတွေက ဒေါက်တာထွန်းမင်းလတ်ကို ၂၀၁၉ ခုနှစ်ကတည်းက စုံစမ်းစစ်ဆေးနေခဲ့တာဖြစ်ပြီး သူ့ရဲ့ ငွေကြေး စီးဆင်းမှု မှတ်တမ်းတွေကို အဲဒီအချိန်ကတည်းက နောက်ယောင်ခံနေခဲ့တာလို့ ထိုင်းရဲဗိုလ်ချုပ်က ထုတ်ဖော် ပြောဆိုပါတယ်။
အသက် ၅၃ နှစ်အရွယ် ဒေါက်တာထွန်းမင်းလတ်ကို ထိုင်းရဲတွေက စက်တင်ဘာလထဲမှာ ထိုင်းနိုင်ငံအတွင်းမှာပဲ စီးနင်း ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရစဉ် အခြား ထိုင်းနိုင်ငံသား သုံးဦးလည်း ပါဝင်ပါတယ်။
ဒါပေမယ့် ဒေါက်တာထွန်းမင်းလတ်ရဲ့ ထိုင်းနိုင်ငံတွင်းက စီးပွားရေး လုပ်ဖော်ကိုင်ဖက်တွေအဖြစ် ယူဆထားတဲ့ နောက်ထပ် ထိုင်းနိုင်ငံသား နှစ်ဦးကတော့ ထွက်ပြေးလွတ်မြောက်နေပြီး ထိုင်းရဲက ဖမ်းဝရမ်းထုတ်ကာ လိုက်လံ ရှာဖွေလျက် ရှိပါတယ်။
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိပြီး စစ်တပ်အတွက် လက်နက်ပစ္စည်းတွေ ကြားခံဝယ်ယူပေးနေတဲ့ ဒေါက်တာထွန်းမင်းလတ်ကို မူးယစ်ဆေးဝါးနဲ့ ငွေကြေးခဝါချမှုမှာ ပူးပေါင်းကြံစည်မှုနဲ့ တရားစွဲထားကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
သူ့ကို စက်တင်ဘာလအတွင်း ထိုင်းရဲက ဖမ်းဆီးစဉ်မှာလည်း ဘတ်ငွေ သန်း ၂၀၀ ခန့် တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုတွေ သိမ်းဆည်းခဲ့တယ်လို့ အဲဒီအချိန်က ထုတ်ပြန် ထားပါတယ်။
ကိုးကား – ဘန်ကောက်ပိုစ့်
The Tanintharyi Times