ထားဝယ်မှာ သန်းခေါင်စာရင်းကောက်ချိန် လုံခြုံရေးတင်းကြပ်၊ မသင်္ကာလို့ဆိုပြီး မြိုခံဆယ်ဦး ထက်မနည်းကိုဖမ်းဆီးထား
ထားဝယ်မှာ သန်းခေါင်စာရင်းကောက်ချိန် လုံခြုံရေးတင်းကြပ်၊ မသင်္ကာလို့ဆိုပြီး မြိုခံဆယ်ဦး ထက်မနည်းကိုဖမ်းဆီးထား

ထားဝယ်မြို့ပေါ်မှာ သန်းခေါင်စာရင်းကောက်ယူနေချိန် တစ်မြို့လုံးကို စစ်ကောင်စီတပ်သား၊ ရဲနဲ့ ပျူစောထီးတွေက လုံခြုံရေးတင်းကြပ်ထားပြီး အရပ်သားဆယ်ဦးခန့်ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
အခုလ ၁ ရက်နေ့ကစလို့ မြို့ပေါ်က ကြက်စားပြင်ရပ်ကွက်မှာ သန်းခေါင်စာရင်း စတင်ကောက်ယူခဲ့ပြီး မနေ့ကနဲ့ ဒီနေ့တွေမှာတော့ ဘုမ္မော်၊ ဇရစ်၊ သင်္ဘောဆိပ်၊ မြို့တွင်း၊ တလိုင်းထိန်၊ တလိုင်းမ၊ မြောင်းပုလဲနဲ့ အိုးလုပ် စတဲ့ရပ်ကွက်မှာ ဆက်လက်ကောက်ခံနေတာပါ။
သန်းခေါင်စာရင်း ကောက်ခံနေချိန်နဲ့ မကောက်ခင်အချိန်တွေမှာ ထားဝယ်မြို့ပေါ်က လမ်းဆုံလမ်းခွတွေနဲ့ သန်းခေါင်စာရင်းကောက်ခံတဲ့နေရာနဲ့ အနီးအနားဝန်းကျင်တွေမှာ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေက အင်အားအများအပြားနဲ့ ကင်းချပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
“စခန်းတွေထဲမှာ တောင်လူမရှိလောက်တော့ဘူး။ လမ်းဆုံတိုင်းမှာ စစ်သားတွေရှိနေတယ်။ ကားတွေနဲ့လည်း လှည့်နေတယ်။ လမ်းတစ်လမ်းမှာ သန်းခေါင်စာရင်းဝင်ကောက်ရင် ဘေးပတ်ပတ်လည်က လမ်းတွေမှာလုံးဝကင်းအပြည့်ပဲ” လို့ ထားဝယ်မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ဆက်သွယ်ရေးလှိုင်းဖြတ်တောက်တဲ့ကရိယာ ဂျမ်မာ (Jammer)တပ်ဆင်ထားတဲ့ ကားတွေလည်း လမ်းဆုံတချို့မှာ ရပ်ထားတယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
မြို့ထဲမှာကင်းချထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ သန်းခေါင်စာရင်းစကောက်တဲ့နေ့ မနက်အစောပိုင်းမှာ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက် သရက်ချောင်းကားဝင်းထဲမှာ အမျိုးသားသုံးဦးကို ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ဆိုပါတယ်။ ဖမ်းဆီးခံရတဲ့သူတွေဟာ သရက်ချောင်း ဒေသခံတွေဖြစ်တယ်လို့လည်း ကနဦးသိရပါတယ်။
အဲဒီနေ့တစ်ရက်တည်းမှာပဲ အိမ်စီးကားနဲ့လာတဲ့ လှေလုပ်သား သုံးဦးခန့်ကိုလည်း စစ်ကောင်စီတပ်သားတွေက မသင်္ကာလို့ဆိုကာ ထပ်မံဖမ်းဆီးခဲ့တယ်လို့ မြိုခံတွေက ပြောပါတယ်။ အဲဒီအမျိုးသားတွေကိုတော့ အလုပ်ရှင်ကပြန်လည်ထုတ်ယူပေးခဲ့တာကြောင့် ပြန်လွတ်လာတယ်လို့ မြိုခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သန်ခေါင်စာရင်းကောက်တဲ့ ဒုတိယနေ့ မနေ့ကညနေပိုင်းမှာတော့ ကြက်စားပြင်ရပ်ကွက်မှာ လာရောက်နေထိုင်နေတဲ့ လူငယ် အမျိုးသားလေးဦးခန့်ကို စစ်ကောင်စီတပ်သားတွေက လာရောက်ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေကဆိုပါတယ်။
သူတို့ကိုဘာကြောင့်ဖမ်းဆီးတယ်ဆိုတာကို မသိရသေးပေမဲ့ မသင်္ကာလို့ဖမ်းဆီးတာဖြစ်တယ်လို့ ကြားရကြောင်း မြို့ခံတွေက ပြောပါတယ်။
“အလုပ်သမားကားလိုမျိုးတွေဆို ပိုစစ်တယ်။ ပစ္စည်းတစ်ခုချင်းကအစ လှန်ရှာပြီးစစ်တာ။ အကုန်လုံးကို သံသယထားနေတာပါ။ အဖွဲ့တွေကလည်းစာထုတ်ထားတော့ လာပစ်မှာကိုစိုးရိမ်တာမျိုးဖြစ်မယ်” လို့ မြို့ခံ လူငယ်တစ်ဦးကပြောပါတယ်။
ထားဝယ်ဒေသအခြေစိုက် DDT တပ်ဖွဲ့နဲ့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သန်းခေါင်စာရင်းကောက်ယူပေးတဲ့ စစ်ကောင်စီထောက်တိုင်တွေကို ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ အခုရက်ပိုင်းမှာ သတိပေးချက်တွေ ထုတ်ပြန်ထားကြပါတယ်။
ထားဝယ်မြို့ပေါ်က သန်းခေါင်စာရင်းကောက်ယူတဲ့လုပ်ငန်းတွေကိုလည်း စစ်ကောင်စီတပ်သား၊ ရဲ၊ မီးသတ်၊ လဝက၊ ထွေအုပ် အစရှိတဲ့သူတွေက အင်အားအများအပြားနဲ့ လှည့်လည်ကောက်ခံနေတာဖြစ်ပါတယ်။
စာရင်းကောက်ယူချိန်မှာတော့ လိုအပ်သလောက်ကိုပဲ မေးမြန်းပြီး ခပ်မြန်ကောက်ခံနေတဲ့ပုံစံမျိုးကို မြင်ရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
“လိုအပ်တာလောက်ပဲမေးတာမျိုးပါ။ စာရွက်မှာပြထားတဲ့ မေးခွန်းအားလုံးမမေးဘူး။ တခြားစစ်ဆေးတာမေးတာတွေလည်း မရှိပါဘူး” လို့ သန်းခေါင်စာရင်းကောက်ယူသွားတဲ့အိမ်က အမျိုးသမီးတစ်ီဥးကပြောပါတယ်။
သန်းခေါင်စာရင်းကောက်တဲ့အချိန် စာရင်းကောက်တစ်ဦးကပဲ နေအိမ်ထဲကိုဝင်ပြီး Mobile Tabletကနေ အိမ်တည်နေရာနဲ့တကွ အချက်အလက်ဖြည့်သွင်းတာတွေ လုပ်ဆောင်တယ်လို့ သူကဆက်ပြောပါတယ်။
စစ်ကောင်စီဟာ သန်းခေါင်စာရင်းကို CAPI စနစ်နဲ့ကောက်ယူတာဖြစ်လို့ စာရင်းကောက်ယူလို့ရတဲ့ အချက်အလက်တွေဟာ နေပြည်တော်ရုံးချုပ်က Server ဆီကိုရောက်ရှိမှာဖြစ်ပါတယ်။
မြို့ခံတွေကတော့ စစ်ကောင်စီအနေနဲ့ သန်းခေါင်စာရင်းကရလာတဲ့ အချက်အလက်တွေကို အသုံးချပြီး စစ်မှုထမ်းခေါ်ယူတာနဲ့ ပြည်သူတွေကိုထိန်းချုပ်တဲ့နေရာတွေမှာ အသုံးပြုလာမှာကို စိုးရိမ်နေကြပါတယ်။
ပုံစာ – တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူနေတဲ့ မြင်ကွင်း။
The Tanintharyi Times