တနင်္သာရီတိုင်းမှာ စစ်ဘေးရှောင်နေရတဲ့ ပြည်သူ ခုနှစ်ထောင်ကျော်ပြီ
တနင်္သာရီတိုင်းမှာ စစ်ဘေးရှောင်နေရတဲ့ ပြည်သူ ခုနှစ်ထောင်ကျော်ပြီ

စစ်တပ်က အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းမှာ စစ်ဘေးရှောင်ပြေးနေရတဲ့ ပြည်သူအရေအတွက်ဟာ စက်တင်ဘာလအထိ ၇၀၀၀ ကျော်ရှိတယ်လို့ ဒေါနတနင်္သာရီ-စစ်ဘေးရှောင်ထောက်ပံ့ကူညီရေးအဖွဲ့ထံကနေ သိရပါတယ်။
ဒေါနတနင်္သာရီ-စစ်ဘေးရှောင်ထောက်ပံ့ကူညီရေးအဖွဲ့က ရရှိတဲ့အချက်အလက်တွေအရ ပုလောမြို့နယ် (၃၃၂၅)ဦး၊ တနင်္သာရီမြို့နယ် (၂၀၀၀) ဦး၊ ရေဖြူမြို့နယ် (၁၀၄၀)ဦး၊ ထားဝယ်မြို့နယ် (၆၉၄)ဦး နဲ့ သရက်ချောင်းမြို့နယ် (၃၅)ဦး စုစုပေါင်းပြည်သူ ခုနှစ်ထောင်ကျော် စစ်ရှောင်နေကြရပါတယ်။
တိုင်းတစ်ခုလုံးမှာ ပုလောမြို့နယ်နဲ့ တနင်္သာရီမြို့နယ်က စစ်ရှောင်ပြည်သူအများဆုံးဖြစ်ပါတယ်။
တနင်္သာရီမြို့နယ်မှာဆိုရင် ကော့မပြင်းရွာနဲ့ လယ်သစ်ရွာက ပြည်သူတွေ အဓိက စစ်ဘေးရှောင်ပြေးနေရပြီး မြို့နဲ့အနီးတဝိုက်က ခြံတွေထဲမှာ နေထိုင်ကြတယ်လို့ သိရပြီး ပုလောမြို့နယ်ထဲက ပြည်သူအများစုကတော့ ဒေသအပြင်ဘက်မှာ ရှောင်တိမ်းနေကြသလို လွတ်မြောက်နယ်မြေတွေမှာလည်း ခိုလှုံနေကြရတယ်လို့ သိရပါတယ်။
ရေဖြူမြို့နယ်၊ ကလုံးထာဘက်က စစ်ရှောင်တွေအနေနဲ့ အခုလတ်တလောမှ စရှောင်နေကြရတာဖြစ်တဲ့အတွက် ရိက္ခာ၊ ဆေးဝါးလိုအပ်ချက်တွေရှိနေပြီး ဧကနိရွာက စစ်ရှောင်တွေကတော့ ဆေးဝါးလိုအပ်ချက်တွေရှိနေတယ်လို့ဆိုပါတယ်။
ထားဝယ်မြို့နယ်ထဲက ပခပ်၊ လိပ်ကြယ်ပြောင်၊ ရမ္မဇူဘက်က စစ်ရှောင်တွေနဲ့ ပုလောမြို့နယ်ဘက်က စစ်ရှောင်တွေကတော့ ရိက္ခာလိုအပ်ချက်တွေရှိနေတယ်လို့ သိရပါတယ်။
သရက်ချောင်းမြို့နယ်မှာ ဒီလထဲ တိုက်ပွဲမရှိပေမဲ့ အိမ်မီးရှို့ခံထားရတဲ့သူတွေကတော့ ဥယျာဥ်ခြံတွေထဲနဲ့ တစ်ခြား ရွာတွေမှာ သွားရောက်နေထိုင်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့သြဂုတ်လက စစ်ဘေးရှောင်ပြည်သူအရေအတွက် ငါးထောင်နီးပါးသာရှိခဲ့ပေမဲ့ စက်တင်ဘာလမှာ ရေဖြူမြို့နယ်၊ တနင်္သာရီမြို့နယ် နဲ့ ပုလောမြို့နယ်တွေမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ အရင်လကထက်များလာတဲ့အတွက် စစ်ရှောင်ပြည်သူအရေအတွက် များလာတာတာဖြစ်ပါတယ်။
The Tanintharyi Times