ထိုင်းလွှတ်တော် ဖျက်သိမ်းမယ်လို့ ယာယီဝန်ကြီးချုပ်ပြောကြား
ထိုင်းလွှတ်တော် ဖျက်သိမ်းမယ်လို့ ယာယီဝန်ကြီးချုပ်ပြောကြား

ထိုင်းဝန်ကြီးချုပ် ဖယ်ထုံတန် ရှင်နာဝပ်ကို ရာထူးကရပ်နားဖို့ အခြေခံဥပဒေခုံရှုံး က ဆုံးဖြတ်ပြီးတဲ့ နောက် ဖွေ့ထိုင်းပါတီက ယာယီဝန်ကြီးချုပ် ဖွန်သမ် ဝီချာယာချိုင်း က ထိုင်းလွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ ပြန်ကျင်းပဖို့ တောင်းဆိုလိုက်ပါတယ်။
စက်တင်ဘာလ ၃ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ထိုင်းအစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်းလွှတ်တော် ဖျက်သိမ်းပြီး ရွေးကောက်ပွဲ ပြန်ကျင်းပဖို့ ထိုင်းဘုရင်ထံ တင်ပြထားပြီး ဖြစ်တယ်လို့ ဖွန်သမ် ဝီချာယာချိုင်း ကပြောကြားခဲ့တာပါ။
လွှတ်တော်ကို ဖျက်သိမ်းပေးဖို့ အတွက် စက်တင်ဘာလ ၂ ရက်နေ့ ကတည်းက ထိုင်းဘုရင်ထံ စာပို့ တင်ပြထားပြီး ဖြစ်ကြောင်းလည်း သူ ကဆက်ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ် ရာထူးက ရပ်နားခံရပြီး ဝန်ကြီးချုပ်အသစ်တစ်ဦး ပြန်လည်ရွေးချယ်ဖို့ စီစဉ်ရာ လွှတ်တော်တွင်း အကျပ်အတည်းတွေ နဲ့ အခြေအတင် ဖြစ်တာတွေ ရှိနေချိန် ဖွေ့ထိုင်းပါတီ ယာယီ ဝန်ကြီးချုပ် က အခုလို စီစဉ်လာတာပါ။
အောက်လွှတ်တော် မှာ အမတ်အများဆုံးရှိနေတဲ့ အတိုက်အခံ ပါတီ ပြည်သူ့ပါတီက လက်ရှိအာဏာရ ဖွေ့ထိုင်းက တင်မြောက်ကိုယ်စားလှယ်ထက် ဖက်ဖွန်ကြိုင်ထိုင်း ပါတီ ခေါင်းဆောင် အနုတင် ကိုသာ ဝန်ကြီးချုပ် အဖြစ် ထောက်ခံမဲပေးမယ်လို့ ကြေညာခဲ့ပြီး နောက်မှာ အခုလိုလွှတ်တော် ဖျက်သိမ်း ဖို့ အထိ ဖြစ်လာပါတယ်။
ပြည်သူ့ပါတီ ရဲ့ ဖက်ဖွန်ကြိုင်ထိုင်းပါတီခေါင်းဆောင်ကို ဝန်ကြီးချုပ်အဖြစ်တင်မြောက်မယ့် သဘောတူညီချက်ထဲမှာ လည်း လေးလအတွင်းလွှတ်တော်ဖျက်သိမ်းပြီး ရွေးကောက်ပွဲ ပြန်လုပ်ဖို့ အချက်လည်းပါဝင်ပါတယ်။
ဒါပေမယ့် ပြည်သူ့ပါတီအနေနဲ့ကတော့ အစိုးရအဖွဲ့ဝင်ရာထူးတွေ မယူဘဲ လွှတ်တော်မှာ အတိုက်အခံ အဖြစ်ဆက်ရပ်တည်မယ်လို့ အတည်ပြုထားတာပါ။
ဩဂုတ်လ ၂၉ ရက်က ထိုင်းဝန်ကြီးချုပ်ဖယ်ထုံတန်ရှင်နာဝပ်ကို ရာထူးမှ ရပ်နားလိုက်ပြီးနောက်ပိုင်း ယာယီဝန်ကြီးချုပ်ကလွဲလို့ အစိုးရတစ်ဖွဲ့လုံးနှုတ်ထွက်ထားပေးရပြီး နိုင်ငံရေးအခြေအနေဟာလည်း အရှုပ်အထွေး အကျပ်အတည်းကြားရောက်ရှိနေပါတယ်။
ထိုင်းယာယီဝန်ကြီးချုပ် ရဲ့ တောင်းဆိုချက်ကို ထိုင်းဘုရင် က သဘောတူ လက်မှတ်ထိုးပါက လွှတ်တော် ကိုချက်ချင်း ဖျက်သိမ်းမှာဖြစ်ပြီး ရွေးကောက်ပွဲအသစ်ကို လာမည့် ၄၅ ရက်မှ ရက် ၆၀ အတွင်း ပြန်လည်ကျင်းပရမယ်လို့ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖော်ပြထားပါတယ်။
ကိုးကား – Thai Enquirer
(ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times