ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်တချို့ သက်သာခွင့်ပေးတာဟာ “ဘာမျှအရာမထင်တဲ့ လုပ်ရပ်” လို့ သားဖြစ်သူပြောကြား
ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်တချို့ သက်သာခွင့်ပေးတာဟာ “ဘာမျှအရာမထင်တဲ့ လုပ်ရပ်” လို့ သားဖြစ်သူပြောကြား
မြန်မာစစ်အုပ်စုကမတရားဖမ်းဆီးထားတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်တချို့ လျော့ပေါ့ကြောင်း ကြေညာချက်ဟာ “ဘာမျှအရာမထင်တဲ့ လုပ်ရပ်” ဖြစ်ကြောင်းနဲ့ ဝါဒဖြန့်ချိရေးမှာ အသုံးချမှုသက်သက် သာဖြစ်တယ်လို့ ကိုထိန်လင်း လို့ လူသိများတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ သားငယ် ကင်မ်အဲရစ်က ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။
ကင်မ် က တကယ်ထိရောက်တဲ့ ရလဒ်မျိုးရတဲ့အထိ အနောက်နိုင်ငံအစိုးရတွေအနေနဲ့ စစ်အုပ်စုအပေါ် ဖိအားတွေ တိုးမြှင့်ပေးသင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။
ပြစ်မှု ၁၉ ခုနဲ့ မတရား အရေးယူခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားတဲ့အထဲက ပြစ်ဒဏ် ၅ ခုအတွက် ထောင်ဒဏ် ၆ နှစ်သာ လျှော့ပေါ့လိုက်တာ ဖြစ်ပါတယ်။
“ဒါက ဘာမှ လုပ်လို့မရတဲ့ လျှော့ပေါ့မှုပဲ။ ဘယ်ခရီးမှ မရောက်တဲ့ အရွေ့သာဖြစ်တယ်။ မြန်မာစစ်တပ်က ဝါဒဖြန့်တဲ့ ကစားပွဲတွေမှာ ကောင်းကောင်းကျင်လည်တယ်ဆိုတာ တစ်ကမ္ဘာလုံး အသိပဲ။ သူတို့ရဲ့ ဆိုးဆိုးရွားရွားလုပ်ရပ်တွေအပေါ် အကောင်းမြင်လာရေး ကြိုးပမ်းမှုတစ်ခုပါပဲ” လို့ ကင်မ်က ရိုက်တာကို ပြောပါတယ်။
“သူတို့ ကျွန်တော့်အမေကို မတရားချမှတ်ထားတဲ့ ထောင်ဒဏ်တွေ ထဲက နည်းနည်းလေး ဖြေလျှော့ကြောင်း ကြေညာလိုက်တာဟာ ဘာမှ အရာမရောက်ဘူးလေဗျာ” လို့ သူက ဆိုပါတယ်။
The Tanintharyi Times
