စစ်ကောင်စီတပ်ကသူနဲ့နီးစပ်သူတွေကို သတ္တုတူးဖော်ရေးလိုင်စင်တွေချပေးနေ
စစ်ကောင်စီတပ်ကသူနဲ့နီးစပ်သူတွေကို သတ္တုတူးဖော်ရေးလိုင်စင်တွေချပေးနေ
သတ္တုတူးဖော်ရေးလိုင်စင်တွေ ပွင့်လင်းမြင်သာမှုကင်းမဲနေတဲ့အချိန်မှာ စစ်ကောင်စီနဲ့နီးစပ်တဲ့ Star Sapphire ကုမ္ပဏီက သတ္တုတူးဖော်မှုတွေ ဆက်လုပ်နေတယ်လို့ Justice for myanmarကထုတ်ပြန်ပါတယ်။
Star Sapphire ကုမ္ပဏီဟာ စစ်ကောင်စီအတွက် ဝင်ငွေခွန်တွေ ရှာဖွေဖန်တီးပေးနေတာဖြစ်နိုင်တယ်လို့လည်း ထုတ်ပြန်ချက်ကဆိုပါတယ်။
ကြံခိုင်ရေးပါတီဦးဆောင်အစိုးရလက်ထက်ကစပြီး Star Sapphire ကုမ္မဏီဟာ လက်နက်ကိုင်ပဋိပက္ခတွေ ကာလရှည်ဖြစ်ပွါးနေတဲ့ တနင်္သာရီမြစ်ဝှမ်းဒေသမှာ သံဖြူ နဲ့ မျောကျောက်ရှာဖွေတူးဖော်ရေးစီမံကိန်းတွေအတွက် လုပ်ငန်းလိုင်စင်တွေ ရရှိခဲ့တာပါ။
Star Sapphire အုပ်စုရဲ့ နောက်ထပ်စီးပွါးရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Tha Byu Mining ကုမ္ပဏီဟာလည်း ၂၀၀၁ ခုနှစ်မှာ မြေဧက ၄၀၀၀ နီးပါးရှိတဲ့ မြေဧရိယာမှာ ထုတ်ကုန်မျှပေးရတဲ့ ခနောက်စိမ်း အကြီးစားထုတ်လုပ်ရေးရှယ်ယာလိုင်စင်ရခဲ့ပါသေးတယ်။
ဒီဒေသတွေက သစ်တောတွေထဲမှာ ကျား၊ ဝက်ဝံ၊ ကျားသစ်နဲ့ ကြံသူတော်တွေအပါအဝင် ကမ္ဘာတဝန်း မျိုးတုန်းပျောက်ကွယ်မယ့် အန္တရာယ်ခြိမ်းခြောက်ခံနေရတဲ့ မျိုးစိတ်တွေ နေထိုင်ရာနေရာတွေဖြစ််တယ်လို့သိရပါတယ်။
ဒီလုပ်ငန်းလိုင်စင်တွေကို စစ်တပ်ထိန်းချုပ်ထားတဲ့ အမှတ် ၃ သတ္တုတွင်းလုပ်ငန်း (လက်ရှိ အမှတ် ၁ သတ္တုတွင်းလုပ်ငန်းနဲ့ပေါင်းထား)ကပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
အမှတ် ၁ သတ္တုတွင်းလုပ်ငန်းကို မကြာသေးခင်ကပဲ ဥရောပသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့အရေးယူခဲ့တာပါ။
မြန်မာနိုင်ငံ ခနောက်စိမ်းတူးဖော်ရေးအကြောင်း အစီရင်ခံစာတစ်စောင်အရ Star Sapphire ဟာ ထိုင်းကုမ္ပဏီ SAMCON နဲ့ အတူ သတ္တုတွင်းလုပ်ငန်းကို ပူးတွဲလုပ်ကိုင်ထားပါတယ်။
သူတို့လုပ်ကိုင်တဲ့ဒေသဟာ ကရင်နဲ့ မွန်လူမျိုးစုတွေရဲ့ ဒေသဖြစ်ပြီး မြန်မာစစ်တပ်က ကြီးလေးတဲ့ လူ့ အခွင့်အရေးချိုးဖောက်မှုတွေကျူးလွန်တဲ့ သမိုင်းကြောင်းတွေ ရှိခဲ့ပါတယ်။
ထုတ်လုပ်ရေးကို ၂၀၀၄ ခုနှစ်မှာ စတင်ခဲ့ပြီး၊ စစ်အစိုးရက မြန်မာနိုင်ငံတဝန်း ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ခဲ့တဲ့အချိန်မှာ ဒီလုပ်ငန်းဟာ စစ်အစိုးရအတွက် ဘဏ္ဌာငွေတွေ ရှာပေးခဲ့တာ ဖြစ်ပါတယ်။
The Tanintharyi Times
