စစ်ကောင်စီလုပ်ရပ်တွေကို ထောက်ခံတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးပြော ၊ ရန်ကုန်မှာ ရုရှား ခရစ်ယာန်ကျောင်း ဆောက်လုပ်ဖို့ သဘောတူ

စစ်ကောင်စီလုပ်ရပ်တွေကို ထောက်ခံတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးပြော ၊ ရန်ကုန်မှာ ရုရှား ခရစ်ယာန်ကျောင်း ဆောက်လုပ်ဖို့ သဘောတူ

မြန်မာနိုင်ငံမှာ အခြေအနေတွေ ပုံမှန်ပြန်ဖြစ်ဖို့နဲ့ တည်ငြိမ်မှုရဖို့ ဆောင်ရွက်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ထောက်ခံတယ်လို့ ဒီကနေ့မှာ နေပြည်တော်ကို ရောက်ရှိနေတဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်ပြီး ရုရှား အော်သိုဒေါက် ခရစ်ယာန်ကျောင်းကို ရန်ကုန်မှာဆောက်ဖို့ စစ်ကောင်စီက သဘောတူလိုက်ပါတယ်။

“မြန်မာနိုင်ငံအခြေအနေ ပုံမှန်ဖြစ်ရေးနဲ့ တည်ငြိမ်ရေးအတွက် သင်တို့ဝန်ကြီးချုပ်နဲ့ အစိုးရရဲ့ ကြိုးပမ်း အားထုတ်မှုတွေကို သဘောတူထောက်ခံပါတယ်” လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဗ်က ဒီကနေ့ နေပြည်တော်မှာ စစ်ကောင်စီဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံစဉ် ပြောဆိုခဲ့တာပါ။

အလားတူ စစ်ကောင်စီဘက်ကလည်း ရုရှား အော်သိုဒေါက် ခရစ်ယာန်ကျောင်းကို ရန်ကုန်မှာ တည်ဆောက်ဖို့၊ ရုရှားနိုင်ငံရဲ့ အီလက်ထရောနစ် ငွေကြေးစနစ်ကို မြန်မာနိုင်ငံမှာ အသုံးပြုဖို့နဲ့ မြေပြင်လေ့လာရေး အခြေခံ အဆောက်အအုံတွေ ဆောက်လုပ်ဖို့ သဘောတူခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ရုရှားဝန်ကြီးနဲ့ စစ်ကောင်စီဥက္ကဋ္ဌတို့ ဆက်လက်တွေ့ဆုံရာမှာ ရန်ကုန်မြို့က ရုရှားသံရုံးကို နေပြည်တော်သို့ ပြောင်းရွှေ့ဖို့နဲ့ မန္တလေးမှာ ရုရှားကောင်စစ်ဝန်ရုံး ဖွင့်လှစ်ဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၃ ခုနှစ်အတွင်း ရွေးကောက်ပွဲတွေ ကျင်းပမယ်ဆိုတာ သိရှိကြောင်းနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့၊ ပိုမိုအားကောင်းလာဖို့ အကောင်အထည်ဖော်ရာမှာ အောင်မြင်စေကြောင်း ဆုမွန်တောင်းတယ်လို့ မစ္စတာ လက်ဗရော့ဗ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်ကျော်အတွင်းမှာ ရုရှား-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး အလွန်ကောင်းခဲ့ပြီး ကပ်ရောဂါဘေးကြားကနေ ၂၀၂၁ ခုနှစ်မှာ နှစ်နိုင်ငံကုန်သွယ်မှု ၂၀ ရာခိုင်နှုန်း တိုးတက်ခဲ့သလို ၂၀၂၂ ခုနှစ်မှာလည်း ယခင်နှစ် အလားတူကာလထက် ၅၀ ရာခိုင်နှုန်း ကုန်သွယ်မှု တိုးခဲ့တယ်လို့ ရုရှားဝန်ကြီးက ဆက်ပြောပါတယ်။

နှစ်နိုင်ငံ စစ်ရေး၊ ပညာရေးနဲ့ နည်းပညာဆိုင်ရာ ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေပြီး မြန်မာကျောင်းသား ၇၀၀၀ ကျော်ကို ရုရှားမှာ အဆင့်မြင့်ပညာတွေ သင်ကြားပေးနိုင်ခဲ့ကြောင်းနဲ့ လာမယ့်နှစ်မှာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး စိန်ရတုပွဲ ဆင်နွှဲကြမယ်လို့ ရုရှားဝန်ကြီးက ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

ကိုးကား – Tass

The Tanintharyi Times