အာဆီယံအစည်းအဝေးတက်မယ့် ရုရှားနိုင်ငံခြားရေးဝန်ကြီး မြန်မာကို လမ်းကြုံဝင်
အာဆီယံအစည်းအဝေးတက်မယ့် ရုရှားနိုင်ငံခြားရေးဝန်ကြီး မြန်မာကို လမ်းကြုံဝင်
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တော်မှာ ကျင်းပမယ့် အာဆီယံနိုင်ငံများနဲ့ မိတ်ဖက်နိုင်ငံတွေရဲ့ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို တက်ရောက်ဖို့ရှိတဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဗ်ဟာ ဩဂုတ်လ ၃ ရက် ဒီကနေ့ မနက်မှာ နေပြည်တော်ကို ရောက်ရှိလာပါတယ်။
ရုရှားဝန်ကြီးဟာ ဩဂုတ်လ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ အာဆီယံ-ရုရှား နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အရှေ့အာရှ ထိပ်သီးအစည်းအဝေးနဲ့ လုံခြုံရေးဆိုင်ရာ အာဆီယံ ဒေသတွင်းဖိုရမ်တွေကို ဖနွမ်းပင်မြို့မှာ တက်ရောက်မှာဖြစ်ပြီး အဲဒီမတိုင်ခင် မြန်မာနိုင်ငံကို ဝင်လာတာ ဖြစ်ပါတယ်။
ဝန်ကြီး ဆာဂေးလက်ဗရော့ဗ်ဟာ မြန်မာကို ရောက်ရှိစဉ် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံပြီး နိုင်ငံရေးဆွေးနွေးမှု၊ ကုန်သွယ်ရေးနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ကာကွယ်ရေးနဲ့ လုံခြုံရေးကဏ္ဍတွေအပြင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိစ္စတွေ စတဲ့ ရုရှား-မြန်မာ ဆက်ဆံရေး ကဏ္ဍစုံ ဆွေးနွေးမယ်လို့ ရုရှားနိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံတကာနဲ့ ဒေသတွင်းကိစ္စတွေကိုလည်း ထည့်သွင်းဆွေးနွေးဖွယ် ရှိနေပြီး ရုရှားဝန်ကြီးဟာ စစ်ကောင်စီခေါင်းဆောင်နဲ့လည်း တွေ့ဆုံနိုင်တယ်လို့ ခန့်မှန်းရပါတယ်။
အဆိုပါဝန်ကြီးဟာ ၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် လာရောက်ခဲ့ဖူးပြီး ကိုးနှစ်ကျော်မှာ တစ်ကျော့ပြန် လာရောက်တာဖြစ်သလို မြန်မာနဲ့ ရုရှား နှစ်နိုင်ငံလုံးဟာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပြစ်တင်ဝိုင်းပယ်မှုကို တစ်ပြိုင်နက် ကြုံနေရချိန် ဖြစ်ပါတယ်။
ရုရှားဝန်ကြီး တက်ရောက်မယ့် အာဆီယံအစည်းအဝေးတွေကိုတော့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ ဖိတ်ကြားမခံရလို့ တက်ရောက်ခွင့် မရှိဘဲ အဆိုပါ အစည်းအဝေးတွေမှာ မြန်မာကို ပိုပြီး ပြင်းထန်စွာ အရေးယူရေး အာဆီယံနိုင်ငံတွေက ဆွေးနွေးသွားဖို့ ရှိနေပါတယ်။
The Tanintharyi Times
