တရုတ်က ပြင်းပြင်းထန်ထန် တုံ့ပြန်မယ် ပြောထားတဲ့ နန်စီပလိုစီရဲ့လေယာဉ် ထိုင်ဝမ်ရောက်တော့မယ်
တရုတ်က ပြင်းပြင်းထန်ထန် တုံ့ပြန်မယ် ပြောထားတဲ့ နန်စီပလိုစီရဲ့လေယာဉ် ထိုင်ဝမ်ရောက်တော့မယ်
ထိုင်ဝမ်ကိုသွားရင် ပြင်းပြင်းထန်ထန် တုံ့ပြန်မယ်လို့ တရုတ်ကကြုံးဝါးခံထားရတဲ့ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ လိုက်ပါလာတဲ့ အမေရိကန်လေတပ် လေယာဉ်ဟာ ထိုင်ဝမ်ကျွန်းကို ဦးတည်ပျံသန်းခဲ့ပြီး ယခုအခါ တိုင်ပေမြို့တော်လေဆိပ်ကို ရောက်ရှိတော့မှာ ဖြစ်ပါတယ်။
လွှတ်တော်ဥက္ကဋ္ဌ ပလိုစီဟာ ယမန်နေ့က စင်ကာပူကို ရောက်ရှိပြီး ဒီကနေ့မှာ မလေးရှားကို ခရီးတစ်ထောက် ရပ်နားခဲ့ပြီးနောက် သူ့ရဲ့လေယာဉ်ဟာ တိုင်ပေမြို့တော်ဆီကို ဦးတည်ပျံသန်းခဲ့ခြင်း ဖြစ်ကာ ကမ္ဘာ့လူဦးရေ သုံးသိန်းကျော်အထိ အဆိုပါလေယာဉ်ကို တိုက်ရိုက် စောင့်ကြည့်နေကြပါတယ်။
နန်စီပလိုစီဟာ သူ့ရဲ့ အာရှခရီးစဉ်ကို ထုတ်ပြန်စဉ်မှာ စင်ကာပူ၊ မလေးရှား၊ တောင်ကိုရီးယားနဲ့ ဂျပန် တို့သာ ဖော်ပြခဲ့ပြီး ထိုင်ဝမ်သို့ ဝင်၊ မဝင် မပြောခဲ့ဘဲ လက်ရှိအချိန်မှာတော့ ထိုင်ဝမ်ကို သွားနေခြင်းဖြစ်ကာ သူ့ရဲ့ ခရီးစဉ်ကြောင့် နောက်ထပ်ကြီးမားတဲ့ စစ်ပွဲကြီးတစ်ခု ဖြစ်လာနိုင်မလား ကမ္ဘာတစ်ဝန်း စိုးရိမ်နေကြတာပါ။
နှစ်ပေါင်း ၂၀ ကျော်အတွင်း အမေရိကန်ရဲ့ ထိပ်တန်းကိုယ်စားလှယ်အနေနဲ့ သွားရောက်မယ့် ပလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်ကို တရုတ်က ပြင်းထန်တဲ့အကျိုးဆက်တွေ ရှိလာမယ်လို့ သတိပေးထားပြီး ထိုင်ဝမ်နဲ့နီးစပ်တဲ့ တရုတ်နိုင်ငံဘက်မှာ စစ်ရေးပြတာတွေ၊ စစ်အင်အား ဖြည့်တင်းတာတွေ ပြုလုပ်နေတာပါ။
သူ့ရဲ့ ခရီးစဉ်ကို တုံ့ပြန်ဖို့ တရုတ်က စစ်အင်အား ပြသတာတွေ လုပ်နေသလို အမေရိကန်စစ်ဘက်ကလည်း လေယာဉ်တင်သင်္ဘောတွေ အပါအဝင် အမေရိကန်စစ်အင်အားကို ထိုင်ဝမ်ကျွန်းနဲ့ မလှမ်းမကမ်းမှာ အသင့်ပြင်ထားကြောင်း သိရပါတယ်။
The Tanintharyi Times
