ထားဝယ် အရှေ့တောနယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲထပ်ဖြစ်

ထားဝယ် အရှေ့တောနယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲထပ်ဖြစ်

ထားဝယ်မြို့နယ်၊ အရှေ့တောနယ်က စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ မနေ့က မနက်ပိုင်းမှာ နှစ်ဖက်ပစ်ခတ်မှုတွေ ထပ်မံဖြစ်ပွားခဲ့တယ်လို့ ဒေသခံနဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေဆီက သိရပါတယ်။

သင်္ကန်းတုံးရွာတဝိုက်ကို စစ်ကောင်စီတပ်သားတွေ တောလမ်းအတိုင်း ဝင်ရောက်လာလို့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ မနက် ၉ နာရီလောက်မှာ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွါးခဲ့တာပါ။

ဒေသခံတစ်ဦးကတော့ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံတွေ အများအပြားကြားရတယ်လို့ ပြောပါတယ်။

တောလမ်းအတိုင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ယာဥ်တန်းနဲ့အတူထားဝယ်ဘက်ကိုထွက်ခွာမသွားဘဲ လိပ်ကြယ်ပြောင်ရွာမှာကျန်နေခဲ့တဲ့သူတွေနဲ့ ပကာရီဘက်က အင်အားထပ်ဖြည့်ဝင်လာတဲ့သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဇွန်လ ၁၅ ရက်နေ့ကတည်းက အရှေ့တောနယ်ကို ယာဥ်တန်းတွေနဲ့ဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဦးပိုင်ကုမ္ပဏီကအရာရှိတွေကိုခေါ်ယူပြီး လကုန်ရက်မှာထားဝယ်ဘက်ကို ပြန်လည်ထွက်ခွါသွားတာပါ။ အဲ့ဒီက အင်အားတစ်ဝက်ခန့်က လက်ရှိအချိန်ထိကျန်ရှိနေတာပဲ ဖြစ်ပါတယ်။

“သူတို့က ထားဝယ်ဘက်ကိုပြန်မထွက်ဘဲ ပြန်လှည့်ဝင်တာ။ တောလမ်းတွေထဲ စစ်ကြောင်းဖြန့်ပြီးဝင်တာပါ။ သူတို့အင်အားကပေါင်းလိုက်ရင် ၁၀၀ ကျော်တယ်။ ကားတွေမပါဘူး အကုန်လုံးခြေလျင်ပဲ” လို့ဒေသခံပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။

ဒီကနေ့မနက်ပိုင်းမှာတော့ အင်အား ၁၀၀ ကျော်ထဲက စစ်ကောင်စီတပ်သားတချို့ ဝကုန်းရွာထဲကို ရောက်ရှိနေသလို တချို့ကလည်း သင်္ကန်းတုံးရွာတဝိုက်မှာ ရှိနေကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီခြေလျင်စစ်ကြောင်းဟာ ထားဝယ်-ထီးခီးလမ်းအတိုင်း အရှေ့ဘက်ကိုဦးတည်ပြီး ကျောက်မဲတောင်ရဲစခန်းဘက်ကို ဆက်သွားနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းနေကြပါတယ်။

စစ်ကောင်စီစစ်ကြောင်းဆက်ရှိနေသေးတာကြောင့် အရှေ့တောနယ်၊ ထားဝယ်-ထီးခီးလမ်းပေါ်က ဝကုန်း၊ သင်္ကန်းတုံး၊ လိပ်ကြယ်ပြောင်၊ သရက်ငုပ်၊ ရမ္မဇူ၊ ပခပ် နဲ့ဝက်သေရွာတွေက ဒေသခံတွေကတော့ နေအိမ်စွန့်ခွာ စစ်ဘေးရှောင်နေကြပါတယ်။

The Tanintharyi Times